2021 TOYOTA Supra Review (international)

0

Full article

2021 Toyota Supra အသစ်ဟာ ဂျာမနီ BMW ရဲ့အရိုးတွေပေါ်မှာအခြေတည်ပြီး ဂျပန်သွေးသားတွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ ဘာလိုပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့ကားတစ်စီးဖြစ်ပါတယ်။ စဖွင့်တဲ့ (နိုင်ငံတကာ) ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ 45,000 ဝန်းကျင်သာရှိတဲ့အတွက် လက်လှမ်းမီနိုင်စရာဈေးနှုန်းမျိုးလို့ ဆိုလို့ရပါတယ်။

အားသာချက်

  • ချောမွေ့အားကောင်းလွန်းတဲ့အင်ဂျင်
  • လှပစွာဖန်တီးထားတဲ့ အတွင်းခန်း
  • ကျော့ရှင်းလှတဲ့ အပြင်ဒီဇိုင်း

အားနည်းချက်

  • Manual transmission ဖြင့်မရရှိနိုင်ခြင်း
  • အဝင်/အထွက် ခက်ခဲခြင်း
  • Blind spots နေရာများ ကြီးကြီးမားမားရှိနေခြင်း

အကြမ်းဖျင်းဈေးနှုန်း (နိုင်ငံတကာ)

  • Supra 2.0: $45,000 (est.)
  • Supra 3.0: $52,000 (est.)
  • Supra 3.0 Premium: $55,000 (est.)
  • Supra A91 Edition: $57,000 (est.)

သုံးသပ်ချက်

2021 Toyota Supra အောက်ခံကိုယ်ထည်ဟာ BMW Z4 ရဲ့ chassis ဆီကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်ဒီဇိုင်းကတော့ Toyota ရဲ့ကိုယ်ပိုင် ထူးခြားထင်ရှားတဲ့ဒီဇိုင်းဖြစ်ပြီး ပုံစံမြင်ရုံနဲ့ အလျင်မြန်ဆုံး ပစ်မောင်းလိုက်ချင်စရာဖြစ်နေတာကို တွေ့ကြရမှာပါ။ Powertrains အနေနဲ့ကတော့ 4-cylinder အင်ဂျင်ရယ်၊​ 6-cylinder အင်ဂျင်ရယ်ဆိုပြီး turbocharged အင်ဂျင်နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ ဘယ်လိုအင်ဂျင်နဲ့ပဲယူယူ အားလုံးဟာ နောက်ယက်တွေဖြစ်ကြပြီး 8-speed automatic transmission တွေချည်းပါပဲ။ မြန်နှုန်းမြင့်ချစ်သူတိုင်း 6-speed manual transmission နဲ့လိုချင်ကြမယ်မှန်းတော့ သိကြပါရဲ့။​ ရိုးရိုးသားသားပြောရမယ်ဆိုရင် လှလှပပ အေးအေးဆေးဆေးနဲ့ မြန်နှုန်းမြင့်မောင်းနှင်နိုင်မယ့် ကားတစ်စီးဖြစ်တာမှန်ပေမယ့် manual စစ်စစ်သမားတွေကတော့ Supra ရဲ့ paddle shifters တွေကို အပြည့်အဝကြီး စိတ်ကျေနပ်ကြလိမ့်မယ်တော့ မထင်ပါဘူး။ အဲဒီလိုလူတွေအတွက် Z4 ကစောင့်ကြိုနေမှာဖြစ်ပြီး နောက်တစ်ချက်က Supra ဟာ coupé အနေနဲ့ပဲရရှိနိုင်တာပါ။ နွေးထွေးဇိမ်ကျလှတဲ့ Supra ရဲ့အတွင်းခန်းဟာ လူတိုင်းအတွက်လို့ ပြောလို့မရနိုင်တာကလည်း အားနည်းချက်တစ်ခု ဖြစ်နိုင်ပြန်ပါသေးတယ်။

2020 Supra နဲ့ 2021 Supra တို့အကြားကွာခြားချက်

ပြီးခဲ့တဲ့နှစ်ကမှ အသက်ပြန်သွင်းလိုက်တဲ့ Toyota Supra ဟာ 2020 တုန်းက 3.0-liter 6-cylinder အင်ဂျင်နဲ့ဖြစ်ပြီး မြင်းကောင်ရေ 335 လောက်ထွက်ရှိပါတယ်။ 3.0-liter 6-cylinder နဲ့ 2021 Toyota Supra ကတော့ 382 hp အထိထွက်ရှိမှာဖြစ်ပြီး ရွေးချယ်စရာအဖြစ်နဲ့ 2.0-liter 4-cylinder အင်ဂျင်ကိုလည်း အခု 2021 ခုနှစ်အတွက် ထပ်မံတိုးချဲ့ထုတ်လုပ်ထားတာတွေ့ရပါတယ်။ သူကတော့ အမြင့်ဆုံးပါဝါအနေနဲ့ 225 hp အထိရရှိနိုင်မှာပါ။ နောက်အပြောင်းအလဲတစ်ခုက 6.5-inch သာရှိတဲ့ infotainment ဖန်သားပြင်နေရာမှာ 8.8-inch ရှိတဲ့ ဖန်သားပြင်ကိုမှ standard အနေနဲ့ ရရှိနိုင်ပါလိမ့်မယ်။

မောင်းနှင်မှု

3.0 6-cylinder Supra နဲ့ 2.0 4-cylinder Supra အကြား မောင်းနှင်မှုခံစားချက် ကွာခြားတယ်ဆိုပေမဲ့ ပေးရတဲ့တန်ဖိုးနဲ့ချင့်ချိန်ကြည့်မယ်ဆိုရင်တော့ သိပ်မဆိုးလှဘူးဆိုနိုင်တာမျိုးပါ။

နှစ်သက်စရာကောင်းတဲ့အချက်ကတော့ 2021 Supra တိုင်းဟာ 8-speed automatic transmission ၊​ နောက်ယက်နဲ့ လာတာပဲဖြစ်ပါတယ်။ မြန်နှုန်းမြှင့်တင်နိုင်စွမ်းအပိုင်းကိုပြောရမယ်ဆိုရင် 2021 ကိုတော့ မစမ်းကြည့်ရသေးပေမဲ့ 2020 Supra ကတော့ တစ်နာရီမိုင်ခြောက်ဆယ်နှုန်းရဖို့ 3.7-second သာကြာခဲ့ပါတယ်။ ဒီလိုမြန်နှုန်းမြှင့်တင်နိုင်စွမ်းဟာ Chevy ရဲ့ Camaro ၊ Porsche ရဲ့ Cayman GTS နဲ့ BMW ရဲ့ M2 Competition တို့အဖွဲ့ထဲကို ထည့်လို့ရတဲ့ ပေါက်ကွဲအားပါပဲ။ အခု 2021 Supra မှာဆိုရင် ပိုမိုတဲ့ မြန်နှုန်းမြှင့်တင်နိုင်စွမ်းတောင်မှ ရရှိနိုင်ဦးမှာပါ။ တစ်ခုပဲ။ Manual transmission နဲ့မရနိုင်တာကေတာ့ သိပ်အကြမ်းကြီးမောင်းနှင်ချင်သူတွေအတွက် အားမရစရာဖြစ်နေတာလေး တစ်ခုပါပဲ။ မြင့်မားတဲ့မြန်နှုန်းနဲ့သာမက နေ့စဉ်ဘဝမှာပါ အသုံးတည့်နိုင်မယ့် suspension ၊ တိကျတဲ့ steering  ထိန်းချုပ်မှု၊ ကောင်းမွန်တဲ့အလေးချိန်တို့ဟာ မောင်းနှင်မှုနဲ့ပတ်သက်ပြီး 2021 Toyota Supra ရဲ့အားသာချက်တွေလို့ ပြောလို့ရပါတယ်။

ဆီစားနှုန်း

ပါဝါကောင်းတဲ့ကားတွေ၊ စွမ်းဆောင်ရည်မြင့်ကားတွေဟာ ဆီစားနှုန်းအရမ်းမြင့်တယ်ဆိုတာက သမိုင်းတစ်ခုအဖြစ်ကျန်ခဲ့ပါပြီ။ အခု 2021 Toyota Supra ရဲ့ဆီစားနှုန်းအခြေအနေက မဆိုးလှပါဘူး။ အဝေးပြေးလမ်းတွေပေါ်မှာ 12.75 kpl (တစ်လီတာကို ရရှိနိုင်မယ့် ကီလိုမီတာအကွာအဝေး) နဲ့ မြို့ထဲလမ်းတွေပေါ်မှာ 9.35 kpl လောက်အထိရရှိနိုင်တယ်။ ပျမ်းမျှကတော့ 10.6 kpl ပေါ့။ သူ့လိုမြန်နှုန်းမြင့်ကားတွေထဲမှာတော့ ဒါဟာ အားသာချက်လို့တောင် ပြောလို့ရပါတယ်။ မိုင်နှစ်ရာ အဝေးပြေး ဆီစားနှုန်းစမ်းသပ်ချက်မှာတော့ 6-cylinder နဲ့ Supra ဟာ 14.45 kpl အထိတောင်မှ ရရှိခဲ့တာတွေ့ရပါတယ်။

အတွင်းခန်း

အတွင်းခန်းကတော့ သာမန်သူတွေအတွက် အခြေမဆိုးပါဘူး။ Double-bubble အမိုးက ခေါင်းနေရာလွတ် ပိုမိုရရှိစေနိုင်ပါတယ်။ ဒါပေမဲ့ အရပ်အရမ်းရှည်တဲ့သူတွေဆိုရင်တော့ ညှစ်ထားသလိုခံစားရမယ့်ပုံမျိုး။ ပစ္စည်းသယ်ဆောင်စရာလည်း ကျဉ်းပါတယ်။ ဒါပေမဲ့ ခရီးဆောင်အိတ် နှစ်လုံးလောက်တော့ ကောင်းကောင်းကြီး ထည့်လို့ရနိုင်တာမျိုးပါ။

Infotainment ကတော့ 8.8-inch ဖြစ်လာပြီး BMW ရဲ့ နောက်ဆုံးထုတ် iDrive interface ကို အရည်ခွံလဲထားတဲ့ central display လို့ပြောလို့ရတယ်။ ယာဉ်မောင်းသူအတွက် digital gauge display ကလည်း BMW ရဲ့အငွေ့အသက်တွေ ပါဝင်နေတာပါပဲ။ ဂြိုဟ်တုလမ်းညွှန်စနစ်ရော Apple CarPlay စနစ်ပါ တစ်ပါတည်းရရှိနိုင်ပေမဲ့ Android Auto ကိုတော့ အထောက်အပံ့မပေးဘူးလို့ဆိုပါတယ်။

Speaker ဆယ်နှစ်လုံးနဲ့ JBL အသံထွက်စနစ်ကတော့ optional (ထပ်မံအဆင့်မြှင့်တင်နိုင်ပြီး မြှင့်တင်ပါက ငွေကြေးထပ်မံကုန်ကျမှာပါ) ဖြစ်ပြီး ပုံမှန်အတိုင်းဆိုရင်တော့ speaker ဆယ်လုံးနဲ့ ရိုးရိုးအသံစနစ်သာရရှိမှာဖြစ်ပါတယ်။

Safety နဲ့ မောင်းသူအထောက်အကူပြု အင်္ဂါရပ်များ

Supra အသစ်ဟာ NHTSA (National Highway Traffic Safety Administration) တို့ IIHS-HLDI (Insurance Institute for Highway Safety) တို့ရဲ့စမ်းသပ်မှုကိုတော့ မခံရသေးပါဘူး။ ဒါ့ကြောင့် အချက်အလက်အသေးစိတ်ကို ထုတ်မပြနိုင်သေးပေမဲ့ standard အနေနဲ့ပါဝင်မယ့်

  • လမ်းသွားလမ်းလာတွေကို အာရုံခံပြီး အလိုအလျောက် အရေးပေါ် ဘရိတ်ဖမ်းပေးတဲ့စနစ် (automated emergency braking with pedestrian detection)
  • လမ်းကြောပြောင်းလဲမှုကို အချက်ပြပေးနိုင်တဲ့စနစ် (lane-departure warning)
  • အလိုအလျောက် အလုပ်လုပ်ပေးမည့် မီးကြီးစနစ် (automatic high-beam headlamps)

စတဲ့ခေတ်မီနည်းပညာတွေကို တစ်ပါတည်း ရရှိနိုင်မှာဖြစ်ပါတယ်။  Adaptive cruise control နဲ့ blind-spot monitoring တို့လိုမျိုး feature တွေကတော့ Driver Assistance package မှာထပ်မံပေါင်းထည့်ရမှာဖြစ်ပြီး အဲဒီအတွက်ကတော့ ဒေါ်လာ တစ်ထောင်ကျော်လောက်ထပ်မံ ကုန်ကျနိုင်တယ်လို့သိရပါတယ်။

မြန်နှုန်းမြင့်အိပ်မက်တွေရှိနေရင်တော့ Toyota ရဲ့ Supra 2021 ဟာ စိတ်ဝင်စားစရာ ကားတစ်စီးဖြစ်နေမှာ အသေအချာပါပဲ။

Ref:

2021 Toyota Supra 2.0 First Drive Review: Great Promise by Brandon Turkus

2021 Toyota Supra

Author