အကောင်းဆုံး ‘ရဲ’ ကား သို့မဟုတ် 1962 Ferrari ကိုဝယ်လို့ရပြီ

0

Full article

1962 Ferrari 250 GTE  ‘ရဲ’ ကားရဲ့အစကတော့ 1960 ပြည့်လွန်နောက်ပိုင်းနှစ်တွေမှာပါ။ အဲဒီအချိန်တုန်းက ရောမမြို့က လူဆိုးလူမိုက်တချို့ဟာ ကားမောင်းကျင်လည်ကြတဲ့အပြင် စွမ်းဆောင်ရည်မြင့်ကားတွေကိုလည်း အသုံးပြုတတ်ကြတယ်။ အဲဒီအချိန်က ရောမမြို့က ‘ရဲ’ ကားတွေကို သူတို့ စက်သံနဲ့ အနက်ရောင်ဆေးမှုတ်ထားတာကြောင့် Pantera လို့ လူတွေကခေါ်ကြတယ်။ ဘယ်လိုပဲခေါ်ခေါ်ပါ၊ အရေးကြီးတာက ရာဇဝတ်သားတွေကိုအမီမလိုက်နိုင်တာပါပဲ။ ဒါဟာ Ultimate Pantera ပေါ်ထွက်လာခြင်းရဲ့အစ ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန် လူအများလေးစားခံရတဲ့ ‘ရဲ’ အမှုထမ်း Armando Spatafora က Ferrari ကိုအသုံးပြုဖို့ ထင်ထင်ရှားရှားအကြံပြုခဲ့တယ်။ ဒါဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ‘ရဲ’ ကားတစ်စီးဖြစ်တဲ့ အနက်ရောင် 1962 Ferrari 250 GTE 2+2 Polizia မွေးဖွားလာခြင်းပါပဲ။ Chassis နံပတ်ကတော့ 3999 ဖြစ်ပြီး Ultimate Pantera လို့လည်းခေါ်နိုင်ပါတယ်။

ကားဟာ Ferrari အတွက်ဆိုရင် ထူးထူးခြားခြား လူလေးယောက်စီးကားဖြစ်ပါတယ်။ 3.0-liter V12 အင်ဂျင်ကိုအသုံးပြုထားပြီး transmission ကတော့ 4-speed manual ပါ။ အမြင့်ဆုံးပါဝါအနေနဲ့ မြင်းကောင်ရေ 240 လောက်အထိထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး တစ်နာရီကို 155 မိုင်နှုန်းအထိ အမြင့်ဆုံးအရှိန်တင်မောင်းလို့ရပါတယ်။

1962 Ferrari 250 GTE ရဲ့ကိုယ်ထည်ဒီဇိုင်းကတော့ နာမည်ကျော် Pininfarina ကရေးဆွဲပေးထားတာဖြစ်ပြီး 1962 ခုနှစ် နိုဝင်ဘာလအတွင်း ပထမဆုံးမော်ဒယ်ကို စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဲဒီ Pininfarina ရဲ့မူရင်းကိုယ်ထည်ဒီဇိုင်းနဲ့ကားဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ပျက်စီးသွားခဲ့တာမို့လို့ Ferrari ဟာ တစ်ပုံစံတည်းနောက်တစ်စီး တည်ဆောက်ခဲ့ရတယ်။ အဲဒါကတော့ Chassis 3999 ပါ။အီတလီ ‘ရဲ’ ဌာနမှာ ခြောက်နှစ်လောက် အမှုထမ်းခဲ့ပြီးတကယ့်ကို ဂန္ထဝင်တွင်ထားတဲ့ကားတစ်စီး ဖြစ်ခဲ့တာပါ။ Ferrari 250 GTE ‘ရဲ’ ကားနဲ့အလိုက်ခံရပြီး လွတ်မြောက်အောင်ထွက်ပြေးနိုင်ကြတဲ့ ရာဇဝတ်သားတွေအတွက် ဒါဟာ တကယ့်ကို ဂုဏ်ယူစရာဆုတံဆိပ်သဖွယ်ဖြစ်လာခဲ့တော့တာပါပဲ။ Ferrari 250 GTE ဟာ ရာဇဝတ်သားတွေလိုက်ဖမ်းရာမှာတင်မဟုတ်ပါဘူး၊ အရေးပေါ် 'သွေး'လိုအပ်ချက်လိုမျိုး အလျင်အမြန်ကားမောင်းရမယ့် နေရာတွေမှာလည်း ဝင်ရောက်ကူညီခဲ့ပါသေးတယ်။ ပြောစကားတွေအရဆိုရင် အဲဒီကားဟာ 124 မိုင် တောလမ်းခရီးကို မိနစ် 50 ထဲနဲ့ အရောက်မောင်းနိုင်ခဲ့ဖူးပါသတဲ့။

Chassis 3999 ဟာအနားယူပြီး ဆယ်စုနှစ်ပေါင်းများစွာကိုကျော်ဖြတ်ခဲ့တယ်။ ပိုင်ရှင်အများအပြားပြောင်းလဲသွားပေမဲ့ မူရင်းအခြေအနေအတိုင်းမှာပဲရှိနေအောင် ကြိုးစားထိန်းသိမ်းခဲ့ကြတယ်။ ဒီကနေ့အထိ Ferrari 250 GTE ဟာ အကောင်းအတိုင်းကြီးရှိနေပြီး အခုဆိုရင် ပြန်တောင်ရောင်းတော့မယ်လို့သိရပါတယ်။

Pantera တွေထဲကမှ အန္တိမ Pantera ဖြစ်တဲ့ Ferrari ‘ရဲ’ ကားဟာ မူရင်း chassis ၊ အင်ဂျင် ၊ gearbox  အပြင် မူရင်း နောက်ဝန်ရိုးနဲ့ အံ့သြဖွယ်ရာရှိနေသေးတာပါ။ အတွင်းမှာလည်း ဇိမ်ကျစေမယ့် သားရေသားတွေက ကျန်ရှိနေတုန်းပါပဲ။ ဝယ်ယူချင်တဲ့သူတွေအတွက်တော့ အခုအချိန်မှာ မီလန်မြို့က showroom မှာ ပြသထားပြီလို့သိရပါတယ်။ ဈေးနှုန်းကတော့ ဘယ်သူမှ အတိအကျမသိရသေးပေမဲ့ အနည်းဆုံးတော့ ဒေါ်လာ ငါးသိန်းလောက်တော့ သာသာလေးကျသင့်မှာ အသေအချာပါပဲ။

Ref : This 1962 Ferrari Is the Greatest Police Car of All Time. Change Our Minds by Kelly Lin

Author