ကားရှေ့မီးကြီး (HID) တွေနဲ့ ဓာတ်လိုက်တတ်တဲ့ အန္တရာယ်

0

Full article

HID မီးကြီးဆိုတာ အခုကျနော်တို့ ကားလောကမှာ ၂၀၀၅ မော်ဒယ်နောက်ပိုင်း ကားတော်တော်များများရဲ့ရှေ့မီးကြီးတွေမှာ တပ်ဆင်ထားတဲ့မီးသီးတွေကို ဆိုလိုတာပါ။ ညဘက်ကြည့်ရင် ပိုပြီးသိသာထင်ရှားပါတယ်။ ဟိုးအရင် ဝါကျင်ကျင် အရောင် Halogen Lamp တွေနဲ့ မတူဘဲ လမ်းပေါ်မှာ ဖြူဖွေးတောက်ပနေတဲ့ မီးသီးတွေကိုပြောတာပါ။ ဒီမီးသီးတွေကို အခုနောက်ပိုင်းကားပိုင်ရှင်တွေက ဈေးကွက်မှာ ကိုယ်တိုင်ဝယ်ဖြုတ်လဲနေကြတာ၊ နောက် မကျွမ်းကျင်တဲ့သူတွေက ဖြုတ်တပ်လုပ်ပြီး တပ်ဆင်နေကြတာ၊ ဝါယာကြိုးတွေဖောက် ဒီမီးသီးတွေနဲ့တွဲဖက်ပြီး မီးသီးအလှတွေဆင်နေကြတာတွေမြင်ရလို့ ဒီမီးသီး (HID) မီးသီးတွေရဲ့အန္တရာယ်အကြောင်းရေးသားလိုက်ရပါတယ်။

HID မီးသီးဆိုတာဘာလဲ?


(High-Intensity Discharge) လို့ခေါ်တဲ့ HID မီးသီးဆိုတာ ညဘက်ကားမောင်းတဲ့အချိန် မြင်ကွင်းရှင်းရှင်းလင်းလင်းမြင်ရအောင် တောက်ပတဲ့အလင်းရောင်ထုတ်လွှတ်ပေးနိုင်တဲ့ မီးသီးတစ်မျိုးပါ။ ဒီမီးသီးကဘာကို အခြေခံထုတ်လုပ်ထားသလဲဆိုရင်တော့ သဘာ၀အလင်းရောင်ဖြစ်တဲ့ နေရောင်မှာပါတဲ့ အပြာရောင်နဲ့ အပြာရင့်ရောင် ရောင်စဉ်တန်းတွေကို အခြေခံထုတ်လုပ်ထားပါတယ်။ ဒါကြောင့် ညဘက်ကားမောင်းတဲ့အခါ ဒီမီးသီးကထုတ်လွှတ်နိုင်တဲ့ အလင်းရောင်ကြောင့် အနီးအဝေးမြင်ကွင်းတွေကို နေ့ဘက်မှာမြင်နေရသလို မြင်ရအောင်ဖန်တီးထားတာ ဖြစ်ပါတယ်။
ဒီမီးသီးတွေရဲ့လင်းအားကို အလင်းရောင်ရဲ့အပူချိန်ယူနစ်ဖြစ်တဲ့ (Degree Kelvin) နဲ့တိုင်းတာပါတယ်။ ပုံမှန်အားဖြင့် နေသာနေတဲ့နေ့တစ်နေ့အတွက် မွန်းတည့်ချိန်နေရောင်ရဲ့ အလင်းရောင် အပူချိန်ညွှန်းကိန်းက 4870 Degree K ဖြစ်ပြီး ဒီ HID မီးသီးတွေရဲ့ ယေဘုယျအလင်းရောင် အပူချိန်ညွှန်းကိန်းက 4100 Degree K ဖြစ်ပါတယ်။ သာမာန် Halogen မီးသီးတစ်လုံးရဲ့ အလင်းရောင် အပူချိန်ညွှန်းကိန်းက 3200 Degree K ပဲရှိပါတယ်။ အလင်းရောင်ရဲ့ အပူရောင်ညွှန်းကိန်းနိမ့်လေလေ ဝါကျင့်ကျင့်အရောင်ဖြစ်လေဖြစ်ပြီး  အလင်းရောင်ခြင်းကတော့ မြင်ကွင်းရှင်းလင်းမှုခြင်း ကွာခြားပါတယ်။ မည်သို့ပင်ဆိုစေကာမူ တချို့နှင်းထူထပ်တဲ့ အခြေနေတွေ၊ မိုးသည်းထန်တဲ့အခြေနေတွေမှာတော့ အလင်းရောင် စူးရှမှုကိုရှောင်ရှားဖို့ Fog Light (နှင်းကွဲမီး) ဝါကျင့်ကျင့် အရောင် Halogen Lamp တွေကို အသုံးပြု နေဆဲပါ။

HID မီးသီးနဲ့ Halogen မီးသီး ကွာခြားပုံ
HID မီးသီးတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ?

HID မီးသီးတွေကို သလင်းကျောက်ဖန်ချောင်းတွေနဲ့ပြုလုပ်ထားပြီး အခြားမီးသီးတွေလို အထဲမှာ နန်းကြိုးမျှင်လေးတွေမပါဝင်ပါဘူး။ သူ့အထဲမှာပါတာက Xenon Gas (ဇီနွန်ဂတ်စ်) ရယ်၊ Mercury (ပြဒါး) ရယ်၊ Metal Salts (သတ္တုဆား) ရယ်ထည့်ထားတာပါ။ နောက်အဲဒီမီးသီးထဲမှာ  လျှပ်စစ်စီးကူးနိုင်တဲ့ လျှပ်ကူး (Electrode) နှစ်ခုကို တစ်ခုနဲ့တစ်ခု 4mm အကွာအဝေးနီးပါးခြားပြီးထည့်ထားပါတယ်။ အဲ့ဒီလျှပ်ကူးချောင်းလေးတွေကို High Voltage ပေးလိုက်တဲ့အခါမှာတော့ အဲ့ဒီလျှပ်ကူးချောင်းနှစ်ခုကြားထဲမှာ လျှပ်စစ်စီးကြောင်းတွေဖြစ်ပေါ်လာပါတယ်။ အဲ့ဒီလျှပ်စီးကြောင်းတွေနဲ့ အထဲမှာထည့်ထားတဲ့ Xenon Gas၊ Mercury ရယ် Metal Salts တွေတွေ့ဆုံပြီး (Plasma Discharge) ဆိုတဲ့အရာဖြစ်ပေါ်လာကာ အလွန် တောက်ပတဲ့ အဖြူရောင် အလင်းတန်းတွေ ထွက်ပေါ်လာတာပါပဲ။

ဒီ HID မီးသီးတွေ စတင်ထွန်းလင်းဖို့အတွက် အတွင်းပိုင်း Electrode နှစ်ခုကြားလျှပ်စီးတွေစတင်ဖြစ်ပေါ်လာဖို့ AC 25000 V လိုအပ်ပါတယ်။ Electrode နှစ်ခုကြားလျှပ်စီးတွေဖြစ်ပေါ်လာပြီး မီးသီးပူနွေးလာရင်တော့ AC 80V ကနေ 90V နီးပါးအသုံးပြုပြီး HID မီးလုံးတွေက ဆက်လက်ထွန်းလင်း ပါတယ်။  အဲ့ဒီလိုအပ်တဲ့ Voltage ရရှိဖို့ကျနော်တို့ ကားဘက်ထရီမှာပါတဲ့ 12 V ကနေ AC ပြောင်းပြီး Voltage အားမြှင့်ပေးနိုင်တဲ့ ချုပ်ဘူး (Ballast) ကနေတစ်ဆင့် ပြောင်းလဲပေးပါတယ်။ အခုနောက်ပိုင်းမှာတော့ အဲ့ဒီလို HID မီးသီးတွေအတွက် DC ကနေ AC ပြောင်းလဲ ပေးတဲ့အရာတွေကို Computer Light Control Box လို့လည်းခေါ်ဆိုကြပါတယ်။ ဒီ Control Box တွေကိုတော့ မီးခွက်အထိုင်ထဲမှာ တွဲဖက် တပ်ဆင်ထားလေ့ရှိပါတယ် ။

(Max 25000V, AC 45V အမျိုးအစား HID ချုပ်ဘူး)

ဈေးကွက်ထဲက HID မီးသီးအမျိုးအစားတွေ


ကျနော်တို့လက်ရှိ ကားလောက ဈေးကွက်ထဲမှာ အသုံးများဆုံး HID မီးသီးတွေကတော့ D2R , D2S , D4R , D4S အစရှိတဲ့ မီးသီးတွေဖြစ်ပြီး အခြား H1 , H4 , 9005 , 9006 အစရှိတဲ့ မီးသီး အမျိုးအစားတွေလည်းအသုံးများကြပါတယ်။ ချုပ်ဘူးတွေမှာလည်း D2R, D2S လို့ရေးထားရင် အဲ့နှစ်မျိုးစလုံး အသုံးပြု နိုင်ပါတယ်။ D4R, D4S လို့ ရေးထားရင်လည်း ဒီအတိုင်းပါပဲ အမျိုးအစား နှစ်မျိုးလုံးသုံးနိုင်တယ်လို့ ဆိုလိုပါတယ်။ ချုပ်ဘူးတွေပေါ်မှာ လေ့လာကြည့်နိုင်ပါတယ် ။

HID Lamps တွေက ဘာလို့ အန္တရာယ်များတာလဲ

ဈေးကွက်ထဲက HID Lamp အမျိုးအစားတွေ

HID မီးသီးတွေစတင်ထွန်းလင်းဖို့ စစခြင်းလိုအပ်တဲ့ Voltage က 25,000 AC V ပါ။ နောက်ပိုင်း အပူချိန်ရပြီးရင် Voltage အားက 40 ကနေ 85 V AC ဖြစ်ပါတယ်။ နောက်တစ်ချက်က အဲ့ဒီမီးသီး စတင်ထွန်း လိုက်တဲ့အချိန်မှာ HID မီးသီးလေးအတွင်းမှာ အပူချိန် (about 1500°F [816°C] ) ဖြစ်သွားပြီး ဖိအားက 220 Psi (pounds per square inch) လောက်ရှိပါတယ်။


ဒီတော့မီးသီးလေးက စတင်ထွန်းလင်းတဲ့အချိန်မှာ Electric ရယ် Chemical တွေရယ် Reaction ဖြစ်ပြီး High Voltage, High Temperature, High Pressure ပါ။ ဒါကြောင့် လျှပ်စစ်ဓာတ်လိုက်တဲ့အန္တရာယ်၊ အပူလောင်တဲ့အန္တရာယ်၊ ပေါက်ကွဲထွက်နိုင်တဲ့အန္တရာယ်တွေရှိပါတယ်။ ဒါကြောင့် မကျွမ်းကျင် မသေချာဘဲ၊ နားမလည်ဘဲ မီးသီးတွေကို အပြင်မှာထုတ်စမ်းတာ၊ ကြိုးတွေဆက်တာတွေ လုပ်တာဟာ အသက်သေသည်အထိအန္တရာယ်ရှိပါတယ်။ မတော်တဆ မီးလောင်ပေါက်ကွဲနိုင်တဲ့ ဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်းတွေရှိတဲ့နေရာတွေမှာစမ်းသပ်မိရင် မီးလောင်ပေါက်ကွဲမှုအန္တရာယ်တွေ လည်း ကြုံတွေ့ ရနိုင်ပါတယ်။ နောက်တစ်ချက်က မီးသီးကိုမီးခွက်အထိုင်ထဲမှာသေချာမတပ်ဘဲ  မီးဖွင့်တာ၊ တစ်ယောက်က မီးသီးဖြုတ်တပ်နေတုန်း နောက်တစ်ယောက်မီးဖွင့်တာ၊ မီးသီးနဲ့ချုပ်ဘူး ဆော့ကပ်အထိုင် သေချာမတပ်တာတွေကလည်း အသက်အန္တရာယ်၊ ကိုယ်၊ လက်၊ ခန္ဓာတွေ မီးလောင်တဲ့အန္တရာယ်၊ ယာဉ်မီးလောင်တဲ့ အန္တရာယ်၊ ပတ်ဝန်းကျင်မီးလောင်တဲ့ အန္တရာယ်တွေ အမျိုးမျိုးရှိပါတယ်။

နောက်ပိုင်း HID မီးသီးမပါတဲ့ကားတွေမှာလည်း တရုတ်ကနေ လာတဲ့ HID မီးသီးတွေကို တပ်ဆင်အသုံးပြုကြပါတယ်။ အဲ့ဒါ အင်မတန်မှအန္တရာယ်များပါတယ်။ ပုံမှန်ဝါယာကြိုးခံနိုင်ရည်ထက်ပိုတဲ့ မီးသီးမီးလုံးတွေဖောက်ဆက်တာ၊ မီးခွက်တွေခံနိုင်ရည်ထက်ပိုတဲ့ အပူစွမ်းအင်များတဲ့မီးသီးတွေတပ်တာဟာ ကားမီးလောင်တဲ့ အန္တရာယ်ကြုံရနိုင်ပါတယ်။ ကျနော်တို့အလုပ်ရုံမှာကို ဒီလိုမီးလောင်ပြီး Lexus တစ်စီးရောက်လာဖူးပါတယ်။ တရားခံက တရုတ် HID မီးသီးဘူးတွေကို မကျွမ်းကျင်တဲ့သူတွေနဲ့ တပ်ဆင်ရာကနေ မီးထလောင်တာပါ။ရှေ့ခြမ်းတွေ၊ မီးလုံးတွေ၊ ဝါယာထုပ်တွေ မီးလောင်ကုန်တာမို့ အကုန်အသစ်လဲလိုက်ရပြီး သိန်းရာကျော်ကုန်အောင် ပြုပြင်လဲလှယ်လိုက်ရပါတယ်။
ဒါကြောင့် HID မီးသီးတွေ တပ်ဆင်ပြုပြင်မယ်ဆို

  • ကျွမ်းကျင်ဝန်ထမ်းတွေနဲ့သာပြုပြင်ပါ။
  • မီးခွက်အထဲမှာသာ တပ်ဆင်စမ်းသပ်ပါ။
  • မီးသီး အဖြုတ်အတပ် သေချာပိုင်နိုင်ပါစေ။
  • မီးသီး အဖြုတ်အတပ်လုပ်နေချိန် Customers တွေကိုအနားမှာမရှိပါစေနဲ့။ (တချို့  Customers တွေက ပြီးပြီအထင်နဲ့မီးခလုတ် ထဖွင့်တတ်ပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရပါတယ်၊ ကံကောင်းလို့ မသေတာပါ )။
  • HID မီးသီးမပါတဲ့ ကားတွေကို HID မီးသီးပြောင်းတပ်ဆင်တာတွေ မလုပ်သင့်ပါ။
  • မီးသီးချုပ်ဘူးတွေထဲ ရေမဝင်အောင်သတိထားပါ။
  • ကိုယ်တိုင်ဖြုတ်တပ် စမ်းသပ်တာမျိုး လုံးဝ(လုံးဝ) မလုပ်သင့်ပါခင်ဗျာ။


ဒီအချက်တွေက အခုနောက်ဆုံးပေါ်ကားတွေမှာ တပ်ဆင်အသုံးပြုလာကြတဲ့ HID မီးနဲ့ ပတ်သတ်ပြီး ဆောင်ရန်/ရှောင်ရန် အချက်တွေဖြစ်ပါတယ်။ သေချာလိုက်နာဆောင်ရွက်ခြင်းဖြင့် လူရော၊ ကားပါ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။

(တရုတ်ကနေ ဝင်လာတတ်တဲ့ HID မီးသီးနဲ့ချုပ်ဘူးပုံစံတွေ)

Author