2021 TOYOTA Fortuner ရုပ်ပြောင်းနဲ့ပတ်သက်၍

0

Full article

မြန်မာတို့ရဲ့အသည်းကျော် Toyota ကတော့ အောင်မြင်မှုတွေရရှိနေတဲ့ သူတို့ရဲ့ SUV အမျိုးအစား Fortuner ရဲ့ 2021 ရုပ်ပြောင်းပုံစံကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံမှာ ဖွင့်ထုတ်ပြသခဲ့ပါတယ်။ Fortuner ကတော့ သိကြတဲ့အတိုင်း Hilux ကိုအခြေခံထုတ်လုပ်ထားတဲ့ SUV အမျိုးအစား အကြမ်းသိပ်ခံတဲ့ ကားပါပဲ။ 2021 Toyota Fortuner ကတော့ ပုံမှန် standard အမျိုးအစားနဲ့ spec အမြင့်တွေပါဝင်တဲ့ Fortuner Legender ဆိုပြီးတော့ ကွဲပြားတဲ့ ဒီဇိုင်းနှစ်မျိုးနဲ့ ထွက်ရှိလာတာပါ။ Fortuner Legender ကတော့ spec လည်း ပိုမြင့်သလို sporty လည်းပိုဆန်တဲ့ SUV ပေါ့။

ဒါဆိုရင် Fortuner ရဲ့အဓိကအပြောင်းအလဲတွေက ဘာတွေဖြစ်မလဲ။

၁။ 2021 Toyota Fortuner ရဲ့ရုပ်ပြောင်းဒီဇိုင်း

Standard version ကတော့ ထွက်ပြီးသား Fortuner တွေနဲ့ ဒီဇိုင်းပိုင်း ကြီးကြီးမားမား ကွာခြားသွားတာမျိုးမရှိပါဘူး။ ဒါပေမဲ့ အမြင်ပိုင်းဆန်းသစ်မှုတွေတော့ရှိလာပါတယ်။ အထူးသဖြင့် radiator grille နဲ့ mesh pattern တွေပါ။ Fog lamp အသစ်၊ စတိုင်ပြောင်းထားတဲ့ LED ရှေ့မီးတွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ DRL တွေရယ် ရှေ့ bumper ရယ်ကတော့ ပုံစံအသစ်တွေနဲ့ဖြစ်ပါတယ်။ 18-inch အလွိုင်းခွေကလည်း ဒီဇိုင်းအသစ်ပါပဲ။ နောက်ဘက် LED မီးတွေရဲ့ ဒီဇိုင်းလည်းပြောင်းသွားပေမဲ့ နောက် bumper ဒီဇိုင်းကတော့ ထွက်ပြီးသား models တွေနဲ့ ပုံစံအားဖြင့် သိသိသာသာကြီးကွာခြားမနေပါဘူး။

Legender မှာတော့ ရုပ်ထွက်ပိုင်း အများအပြားကွာခြားသွားပါပြီ။ အထူးသဖြင့်ရှေ့ရုပ်ထွက်ပေါ့။ အပေါ်ပိုင်းထက်စာရင် ပိုကြီးတဲ့ ရေတိုင်ကီ grille နဲ့။ နောက်ပြီး projector headlamps တွေကလည်း ပိုပြီး ကြမ်းရှတဲ့အသွင်ကိုဆောင်လာတယ်။ DRL တွေကလည်း L ပုံစံထောင့်ချိုးဖြစ်သွားတဲ့အတွက် ရှေ့ပိုင်းအမြင်ကတော့ ထူးခြားကြမ်းတမ်းတဲ့ဘက်ကို ပိုရောက်သွားစေပါတယ်။ နောက်ဘက်ပိုင်းဆိုရင်လည်း bumper ရော မီးတွေရဲ့ပုံစံတွေပါပြောင်းလဲသွားပြီး သူ့ရဲ့အပြောင်းအလဲဟာ ရှေ့ခြမ်းအတိုင်းပဲ ကြမ်းရှတဲ့ဘက်ကို  ပိုသွားတာကို သတိထားမိကြမှာပါ။ ပိုကောင်းတဲ့အချက်က အမြင့်ဆုံး Legender trim မှာဆိုရင် နှစ်ရောင်ခြယ် 20-inch အလွိုင်းခွေနဲ့ရရှိမှာ ဖြစ်တာပါပဲ။

၂။ 2021 မှာပြောင်းလဲသွားတဲ့ Powertrains

ထိုင်းနိုင်ငံထုတ် Toyota Fortuner 2021 spec မှာတော့ ဒီဇယ်အင်ဂျင်နှစ်မျိုးရွေးချယ်စရာရှိနေပါတယ်။ 2.4-liter 4-cylinder အင်ဂျင်ဟာ 148 hp လောက်အထိ အမြင့်ဆုံးပါဝါရရှိနိုင်ပြီး အမြင့်ဆုံး ရုန်းအား (torque) ကတော့ 400 Nm လောက်အထိရရှိနိုင်မှာပါ။ ဒါကိုမှမကြိုက်သေးဘူး။ ပိုကြီးတဲ့ အင်ဂျင်နဲ့ဆိုရင်တော့ 2.8-liter 4-cylinder အင်ဂျင်ရွေးချယ်စရာရှိပါသေးတယ်။ 201 hp ၊ 500 Nm အထိ ရရှိနိုင်တဲ့အင်ဂျင်ပါ။ 6-speed automatic transmission နဲ့ရော 6-speed manual transmission နဲ့ပါနှစ်သက်သလို ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။

ဓါတ်ဆီအင်ဂျင်နဲ့ဆိုရင်တော့ 164 hp ၊ 245 Nm အထိ ပါဝါနဲ့ရုန်းအား အမြင့်ဆုံးထုတ်လွှတ်ပေးနိုင်မယ့် 2.7-liter 4-cylinder အင်ဂျင်နဲ့ ထပ်ထွက်လာဖို့လည်းရှိသေးတယ်လို့ဆိုပါတယ်။

၃။ Safety နဲ့ features အသစ်တွေက ဘာဖြစ်မလဲ

ပထမဆုံး အားရစရာကောင်းတာကတော့ 9-inch touchscreen infotainment စနစ်ပါပဲ။ သူကတော့ Apple CarPlay ရော Android Auto ပါ ရပါပြီ။ နောက်ထပ်အနေနဲ့ ရှစ်မျိုးအထိ ချိန်ညှိနိုင်တဲ့ထိုင်ခုံတွေ၊ wireless smartphone အားသွင်းစနစ်၊ LED ambient light ၊ 360° ကင်မရာနဲ့ speaker ကိုးလုံးအထိပါတဲ့ JBL အသံစနစ်တွေ ပါပါသေးတယ်။

Legender အမြင့်ဆုံး trim နဲ့ဆိုရင်တော့ collision prevention system (ယာဉ်တိုက်မှုများ မဖြစ်ပွားစေရန်အတွက် ကင်မရာမှတစ်ဆင့် ကားကသိရှိ၍ ကြိုတင်အချက်ပြနိုင်သောစနစ်)  ၊ lane departure warning (ယာဉ်ကြောပြောင်းအချက်ပြစနစ်) နဲ့ radar-guided dynamic cruise control (မြန်နှုန်းသတ်မှတ်မှုအပြင် ရှေ့ကား၏အနှေး/အမြန်အပေါ်မူတည်၍ အလိုအလျောက်နောက်မှလိုက်နိုင်သောစနစ်) စတာတွေပါဝင်တဲ့ Toyota Safety Sense suite နဲ့လာမှာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ‘Variable Flow Control’ ပါ။ သူကတော့ ကားရဲ့မြန်နှုန်းအပေါ်မူတည်ပြီး steering ရဲ့ weight ကို အပြောင်းအလဲလုပ်ပေးနိုင်ပါတယ်။ မြန်နှုန်းမြင့်မောင်းနှင်ချင်သူတွေအကြိုက်ပေါ့။

၄။ ဘယ်အချိန်မှာ စတင်ဖြန့်ချိမှာလဲ

နောက်ဆုံးရသတင်းတွေအရတော့ အိန္ဒိယမှာဆိုရင် ၂၀၂၁ ခုနစ်မှရရှိနိုင်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွက်ဆိုရင်တော့ နောက်လအတွင်း မှာယူလို့ရနိုင်ပြီး အနည်းဆုံး သြဂုတ်လအထိတော့ စောင့်ဆိုင်းရမယ်လို့ဆိုထားပါတယ်။

၅။ ခန့်မှန်းဈေးနှုန်း

အတိအကျကြီးမထွက်ခင်မှာတော့ ဈေးနှုန်းကလည်း အတိအကျကြီးသိရမှာမဟုတ်ပါဘူး။ ပုံပြောင်း 2021 Fortuner ရဲ့အိန္ဒိယအတွက်ဈေးနှုန်းက RS သိန်း 30- 35 ဆိုပြီးခန့်မှန်းကြတယ်။ ဒေါ်လာနဲ့တွက်ကြည့်မယ်ဆိုရင်တော့ Fortuner 2021 ဟာ $40,000 - $46,000 ဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။ ဒါကတော့ နိုင်ငံတကာဈေးနှုန်းပါ။

ခြုံငုံသုံးသပ်ကြည့်ရမယ်ဆိုရင်တော့ ဆိုဒ်ပြည့် SUV တွေနှစ်သက်သူတွေအတွက်ရော၊ Toyota အမှတ်တံဆိပ်ကိုပဲ ကြိုက်တယ်ဆိုတဲ့သူတွေအတွက်ပါ Toyota ရဲ့ 2021 Fortuner Legender ဟာ ဆွဲဆောင်အားကောင်းနေတာတော့ အမှန်ပါပဲ။

Ref: Here Are The First Real-Life Images Of Toyota Fortuner Legender

Author