COVID-19 ကာလအတွင်း ကားတစ်စီးနဲ့ ဈေးဝယ်ထွက်မယ်ဆိုရင်

0

Full article

အားလုံးသိကြတဲ့အတိုင်းပါပဲ။ COVID-19 ဗိုင်းရတ်ဟာ တော်တော်လေးကို ကူးစက်လွယ်တဲ့ ကပ်ရောဂါဖြစ်တယ်။ ရောဂါပိုးရှိသူရဲ့ ပါးစပ်နှာခေါင်းကနေထွက်လာတဲ့ အသေးငယ်ဆုံးသော အမှုန်အမွှားလေးတွေကတစ်ဆင့်ကူးစက်တာပါ။ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်း ပါးစပ်ထဲဝင်သွားရာကနေ တိုက်ရိုက်ကူးစက်နိုင်ပါတယ်။ ဗိုင်းရတ်ပါတဲ့ အမှုန်အမွှားလေးတွေကို လက်နဲ့ထိကိုင်မိပြီး အဲဒီလက်ကို ပါးစပ်၊ နှာခေါင်း၊ မျက်လုံး ပွတ်မိနှိုက်မိခြင်းအားဖြင့်လည်း ကူးစက်နိုင်ပါတယ်။ ဒီနေရာမှာ ကြောက်စရာကောင်းတာတစ်ခုက ဗိုင်းရတ်ဟာ မျက်နှာပြင်အမျိုးမျိုးပေါ်မှာ သက်တမ်းခြင်းအားဖြင့်မတူပေမဲ့ ခပ်ကြာကြာအသက်ရှင်နိုင်တာပါ။ ပြောချင်တာက ဗိုင်းရတ်အနေနဲ့ တစ်ရက်နှစ်ရက်လောက်အသက်ရှင်နိုင်တဲ့ မျက်နှာပြင်ပေါ်မှာသာ ရှိနေခဲ့မယ်ဆိုရင် အဲဒီမျက်နှာပြင်ကို ရောဂါကူးစက်ခံရသူ ထိတွေ့ပြီး နောက်တစ်ရက်နှစ်ရက်ကြာမှ ကိုယ်ကထိတွေ့လိုက်ရင်လည်း ကူးစက်ခံရနိုင်ပါတယ်။​

ဒီလိုကူးစက်နိုင်တဲ့ ရောဂါပိုးကို အတတ်နိုင်ဆုံးဘယ်လို ရှောင်ရှားကြမလဲ။

အကောင်းဆုံးနည်းလမ်းကတော့ အိမ်မှာနေခြင်းပါပဲ။

အိမ်မှာနေခြင်းအားဖြင့်

  • မိမိကိုယ် ရောဂါကူးစက်နိုင်ခြင်းမှ ၉၉% လောက်ကာကွယ်နိုင်ပါတယ်။ နေအိမ်ကို အထောက်အပံ့ပေးတဲ့ ပြင်ပကသူတွေနဲ့ ခပ်ခွာခွာနေဖို့လိုနေသေးလို့ ၉၉% လို့ဆိုလိုရတာပါ။ ရေသန့်ဘူးပို့တာတွေ၊ သတင်းစာပို့တာတွေ စသည်ဖြင့် လူများစွာနဲ့ထိတွေ့ပြီးမှ မိမိအိမ်ကို ရောက်လာနိုင်သူတွေအတွက် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းကိုတော့ ၁၀၀% ဖြစ်ဖို့အတွက် စဉ်းစားထားသင့်လှပါတယ်။
  • တကယ်လို့ ကိုယ့်မှာရောဂါကူးစက်ခံရပြီဆိုလည်း မိမိနဲ့ မိမိအိမ်သားတွေအပြင် ရောဂါပြန့်နှံ့မှုလမ်းကြောင်းကို လိုက်ရလွယ်သွားမယ်။
  • နောက်ဆုံးနဲ့အရေးကြီးဆုံးက COVID-19 ကို ရှေ့တန်းစစ်မျက်နှာပြင်မှာ တက်ပြီးရင်ဆိုင်နေကြရတဲ့ ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဝန်ကို အတတ်နိုင်ဆုံးလျှော့ချရာလည်း ရောက်ပါလိမ့်မယ်။

ဒါပေမဲ့ ပါးစပ်ပေါက်ပါတဲ့ လူသားတွေဖြစ်တဲ့အတိုင်း အမြဲတမ်းကြီးတော့ အိမ်မှာနေလို့မရပါဘူး။ စားဖို့၊​ သောက်ဖို့ ဝယ်ရခြမ်းရပါလိမ့်မယ်။ ဒီလိုမျိုးအပြင်ထွက်ပြီးသွားဝယ်ဖို့အတွက်ဆိုရင် မိသားစုတစ်စုမှာ လူတစ်ယောက်ကပဲ တာဝန်ယူလုပ်ဆောင်ပေးနိုင်ရင်ပိုကောင်းပါလိမ့်မယ်။​ အဲဒီသူဟာ အိမ်သူအိမ်သားတွေနဲ့ အကွာအဝေးတစ်ခုမှာနေနိုင်တဲ့ လူပျိုလူလွတ်တစ်ယောက်ဆိုရင်တော့ အကောင်းဆုံးပေါ့။

ထားပါတော့။ ကိုယ့်အိမ်မှာ အဲဒီလို တာဝန်ယူပေးနိုင်တဲ့သူရှိပြီပဲထား။ အဲဒီသူအနေနဲ့ ဘယ်လိုအချက်ကလေးတွေကို သတိထားသင့်သလဲဆိုတာလေးကို တင်ပြပေးချင်ပါတယ်။ ဒီဆောင်းပါးက ကား page အတွက်ရေးတာဖြစ်လို့ ကားနဲ့ပတ်သက်တာကိုပဲ အခြေခံပြီး ရေးသားတင်ပြပေးသွားပါမယ်။ ဒီဗျူဟာအရ ခင်ဗျားဟာ ခင်ဗျားနေတဲ့အိမ်နဲ့ မောင်းတဲ့ကားအတွင်းမှာ ရောဂါပိုးမရှိသူလို လွတ်လွတ်လပ်လပ်မှတ်ယူနေထိုင်ပြီး၊ ပြင်ပနေရာတွေမှာတော့ ရောဂါပိုးရှိသူလို စနစ်တကျနေထိုင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

ထားပါတော့။ ခင်ဗျားဟာ ဈေးတို့၊ City Mart တို့ကို ကားနဲ့ဈေးသွားဝယ်ရတော့မယ်။ ဘာတွေယူသွားမှာလဲ။

Mask

အရင်တုန်းကတော့ နေကောင်းတဲ့သူတွေ Mask တပ်စရာမလိုဘူးတဲ့။ အခုကတော့ နေကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ တပ်ရမှာပါ။ ၁၀၀% အကာအကွယ်ပေးလားဆိုတော့ မပေးပါဘူး။ ဒါပေမဲ့ လူတိုင်း Mask တပ်ထားချိန်မှာ ရောဂါကူးစက်နိုင်စွမ်းက ၁.၅% ပဲရှိတယ်လို့ဆိုတဲ့အတွက် အပြင်ထွက်သူတိုင်း Mask တပ် ကိုတပ်ကြရပါလိမ့်မယ်။ စားသုံးကုန်တွေကို ကားနဲ့သွားဝယ်မယ့်သူအနေနဲ့ကတော့ အိမ်ကနေထွက်တဲ့အချိန်ကတည်းက စတင်မတပ်ဆင်သင့်ဘဲ ကားပေါ်ကနေ ဆင်းတဲ့အချိန်က စတင်တပ်ဆင်တာ ပိုကောင်းပါတယ်။ တစ်ခုသတိထားစရာက ကားပေါ်တပ်ခါနီးမှာ Mask ကို စွန့်ပြစ်ဖို့ပါ။ City Mart အဝင်အဝတွေက အမှိုက်ပုံးတွေက အဆင်ပြေမယ့်ပုံပေါ်တယ်။ လူသူလည်း ရှင်းတာများတယ်။ ဒါပေမဲ့ အဲဒီ Mask တွေကိုမစွန့်ပြစ်ခင် ထိန်းသိမ်းထားဖို့ လေလုံတဲ့ ပလတ်စတစ်ဘူးလိုမျိုးဆောင်ထားမယ်ဆိုရင်တော့ ဘယ်နေရာသွားသွား အဆင်ပြေနိုင်တာပေါ့။ အပြင်တပ်ပြီးသား Mask ကိုချွတ်ပြီးမှ ကားထဲကိုဝင်ဖို့ကိုတော့ သတိပြုကြပါ။ ဒါမှလည်း ကိုယ်စီးတဲ့ကားအတွင်းမှာ လွတ်လွတ်လပ်လပ် စိတ်ချလက်ချနေနိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ လွယ်ကူမယ်ဆိုရင် Face shield လိုမျိုးတပ်ဆင်ဖို့ကိုလည်း စဉ်းစားသင့်ပါတယ်။

Hand Gel

ကိုမြင့်နိုင်ကြီးခေတ်မှာ hand gel ဒါမှမဟုတ် hand sanitizer ကတော့ အပြင်သွားတိုင်း မရှိမဖြစ်ပါပဲ။ ဘူးသေးတစ်ဘူးလောက်တော့ ဆောင်ကိုဆောင်ထားသင့်တာပါ။

Hand sanitizer ကိုအသုံးပြုတဲ့နေရာမှာ အိမ်တွင်း၊ ကားတွင်းနဲ့ ပြင်ပဆိုပြီးခွဲခြားအသုံးပြုသင့်ပါတယ်။ ပြင်ပမှာတော့ တစ်ခုခုကိုကိုင်တွယ်အပြီး ဒါမှမဟုတ် မကြာခဏ hand gel အသုံးပြုပြီးလက်ဆေးသင့်ပါတယ်။ ဒါပေမဲ့ အိမ်ထဲ၊ အထူးသဖြင့် ကားထဲရောက်လာချိန်မှာတော့ တစ်ခုခုကို အသုံးမပြုမီ လက်ကိုအရင်ဆေးကြောသင့်တာပါ။ ဥပမာ - ကားတံခါးကိုမဖွင့်ခင်မှာကတည်းက လက်ကို hand gel နဲ့ဆေးထားလိုက်ပြီး တံခါးကိုဆွဲဖွင့်လိုက်မယ်ဆိုရင် လက်လည်းသန့်စင်သွားမှာဖြစ်သလို တံခါးမှာကပ်ညိကောင်း ကပ်ညိနိုင်မယ့်ရောဂါပိုးမွှားတွေကိုပါ သေစေနိုင်ပါလိမ့်မယ်။ Steering တို့ gear knob တို့ကိုမကိုင်တွယ်မီမှာဆေးမယ်ဆိုရင်လည်း ထိုနည်းအတူပါပဲ။

အဝတ်အစားနဲ့ ဖိနပ်

လူတိုင်းသာ Mask တပ်ပြီးမှ အပြင်ထွက်ကြမယ်ဆိုရင် ဒါတွေက သိပ်စဉ်းစားစရာမလိုလောက်ပါဘူး။ ဒါပေမဲ့ လူတိုင်းကိုယ့်လိုမဟုတ်တဲ့အတွက် ဒါတွေပါထည့်စဉ်းစားရမှာပါ။ အကောင်းဆုံးကတော့ အပေါ်အောက်လုံအောင်ဝတ်လို့ရမယ့် အဝတ်အစားမျိုးကို အပြင်က ဝတ်ပြီး ကားပေါ်ပြန်မတက်ခင် ချွတ်၊ လေလုံတဲ့ဘူးထဲထည့်၊ အိမ်ရောက်ရင် လျှော်ပစ်တာမျိုးပါ။ ဒီလိုမှမဟုတ်ရင် ရှပ်အင်္ကျီရှည်ရှည်ပွပွကို အပေါ်ကဝတ်ပြီး ကားပေါ်မတက်ခင်ချွတ်၊ စနစ်တကျသိမ်းဆည်းနိုင်ဖို့ စီမံထားသင့်ပါတယ်။ ပွပွရှည်ရှည်ပေမဲ့ တီရှပ်လို အမျိုးအစားကိုတော့ရှောင်ရှားသင့်ပါတယ်။ တီရှပ်က ချွတ်တဲ့အခါမျိုးမှာ မျက်နှာနဲ့မထိအောင် ရှောင်ရခက်ခဲလို့ပါ။

ဒီနေရာမှာ ဖိနပ်ကလည်း အရေးပါတဲ့နေရာမှာပါဝင်ပါတယ်။ ရောဂါပိုးရှိသူက နှာချေလို့ဖြစ်စေ၊ ချောင်းဆိုးလို့ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ COVID-19 ဗိုင်းရတ်ဟာ ကြမ်းပြင်ပေါ်မှာ ကျနေနိုင်ပါတယ်။ နေရောင်ကိုတိုက်ရိုက်ရတဲ့ မြေပြင်ပေါ်တွေမှာတော့ သိပ်မစိုးရိမ်ရပေမဲ့ air conditioning အပြည့်နဲ့ ကြမ်းပြင်မျိုးတွေမှာတော့ သတိပြုကြရမှာပါ။

ပိုးသတ်ဆေးဖြန်းပေးနိုင်ရင်တော့အကောင်းဆုံးပါပဲ။ တကယ်လို့ပိုးသတ်ဆေးမရှိဘူးဆိုရင်လည်း hand gel နဲ့ ဖိနပ်အောက်ခံကိုတော့ အနည်းဆုံးဆေးကြောပေးသင့်ပါတယ်။​

ဆံပင်ကိစ္စ

ဖြစ်နိုင်ခြေသိပ်မများပေမဲ့ COVID-19 ဗိုင်းရတ်ဟာ ဆံပင်မှာလည်းကပ်ညိနိုင်ပါသေးတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကတုံးနီးပါး အတိုဆုံးဆံပင်ကိုညှပ်ထားပြီး အပြင်ကနေ ပြန်လာတာနဲ့ ခေါင်းလျှော်ပစ်ဖို့ပါ။​ ပြန်လာတာနဲ့ဆိုလို့ နေပူထဲကပြန်လာပြီး ချက်ခြင်းကြီးမလျှော်ကြပါနဲ့နော်။ တော်ကြာ လည်ချောင်းနာနေမှ ကိုဗစ်ကူးပြီဆိုပြီး စွပ်စွဲခံနေရဦးမယ်။

ဈေးဝယ်ပြန်လာပြီးကားပေါ်ရောက်တဲ့အချိန်၊ ကားမောင်းနေတဲ့အချိန် ခေါင်းကိုမကိုင်မိဖို့ကိုလည်း သတိထားဖို့လိုပါတယ်။

ဆေးကြောရန်

ဝယ်ခြမ်းလာတဲ့ပစ္စည်းတွေကို အိမ်ထဲ (လွတ်လပ်စွာနေထိုင်ရေးနယ်မြေ) မရောက်ခင် အချိန်ယူပြီးဆေးကြောဖို့လိုပါတယ်။ ကားကိုလည်း အတွင်းကို ပိုးသတ်ဆေးဖြန်းတာမျိုး၊ အပြင်ကိုဆပ်ပြာရည်နဲ့ ဆေးကြောပေးတာမျိုးလုပ်ပေးနိုင်ရင် ပိုပြီးစိတ်ချရတာပေါ့။

ဝယ်ခြမ်းလာတဲ့ပစ္စည်းတွေကိုတော့ ဆပ်ပြာရည်နဲ့ဆေးတန်ဆေး၊ ပိုးသတ်ဆေးနဲ့ ဆေးတန်ဆေးရမှာဖြစ်ပါတယ်။ ကားကိုတော့ အပြင်က ပြန်လာပြီးတိုင်းမှာ ပိုးသတ်ဆေးဖြန်းပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ နေရောင်တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာမျိုးမှာ ခပ်ကြာကြာထားပေးသင့်ပါတယ်။


အထက်ဖေါ်ပြပါအချက်တွေကတော့ အကြံပေးချက်သက်သက်များသာဖြစ်ပါတယ်။ ရောဂါပိုးကူးစက်မှုနဲ့ပတ်သက်ပြီး တစ်စိတ်တစ်ပိုင်း အကာအကွယ်ပေးရာရောက်နိုင်မယ်လို့ ယူဆပါတယ်။ ဒါ့အပြင် စိတ်ထဲမှာလည်း ရှင်းရှင်းလင်းလင်းဖြစ်သွားစေနိုင်မယ်လို့ မျှော်လင့်လျက်...

Author