အင်ဂျင်ခန်းထဲဝင်ဝင်နေတတ်တဲ့ ကြွက်ဘေးကနေ ဘယ်လိုကာကွယ်ကြမလဲ

0

Full article

မနေ့က Redline Media မှာတင်လိုက်တဲ့ဆောင်းပါးနောက်ပိုင်း ကားအင်ဂျင်ခန်းထဲဝင်တတ်တဲ့ ကြွက်ဟာ ပြဿနာတစ်ရပ်ဖြစ်နေတာတွေ့ရတယ်။

ကားရဲ့ အင်ဂျင်ခန်းကို ဖွင့်လိုက်တဲ့အခါတိုင်း ကြွက်သိုက်တွေ့တာမျိုး၊ ကြွက်ဝင်ထားတဲ့ ခြေရာလက်ရာတွေ့တာမျိုး၊ ကြွက်သယ်လာတတ်တဲ့ ပစ္စည်းအပိုင်းအစလေးတွေတွေ့တာမျိုးတွေဟာ ဘယ်လိုကားပိုင်ရှင်မျိုးအတွက်ကိုမဆို အဆင်ပြေစေမှာတော့မဟုတ်ပါဘူး။ ဒါတောင် ဒုက္ခမပေးသေးဘူးနော်။ ဝါယာကြိုးတွေ၊ တချို့ကိုက်ဝါးလို့ရတဲ့ အစိတ်အပိုင်းတွေ အကိုက်ခံရပြီဆိုရင်တော့ အခြေအနေက မကောင်းတော့ပါဘူး။ ပြန်လည်ပြုပြင်မယ်ဆိုရင် ငွေကုန်ကြေးကျများနိုင်တာတွေ ပါပါတယ်။ ကြွက်ဆိုတဲ့အမျိုးကလည်း အင်ဂျင်ခန်းလိုမျိုး ပူနွေးတဲ့နေရာနဲ့၊ ဝါယာကြိုးတွေလိုမျိုး ကိုက်ဝါးလို့ကောင်းတဲ့ဟာတွေကို ရှာနေတတ်ကြတာမလား။ အဲဒီတော့ ကားပိုင်ရှင်အနေနဲ့ ကြွက်ကို အင်ဂျင်ခန်းထဲမဝင်အောင် တားဆီးဖို့နည်းလမ်းရှာမှ ရတော့မှာဖြစ်ပါတယ်။

ဆောင်းပါးအောက်က comments တွေမှာတော့

(၁) ငရုတ်ကောင်းမှုန့်

(၂) ရှိန်းခို

(၃) ပရုတ်လုံး

တစ်ခုခုကိုအသုံးပြုပြီး အင်ဂျင်ခန်းဝန်းကျင်နဲ့ ကြွက်လာရောက်ခိုအောင်းတတ်တဲ့နေရာ (ကြွက်ခြေရာလက်ရာရှိတဲ့နေရာတွေမှာ) ဖြူးထားဖို့/သုတ်လိမ်းထားဖို့ အကြံပေးထားတာကိုတွေ့ရပါတယ်။​ တွေးကြည့်ရတာတော့ အဆင်ပြေမယ့်ပုံရှိပြီး တကယ်ကြွက်ပြေး/မပြေးကတော့ လက်တွေ့စမ်းသပ်ကြည့်မှာသာ အတိအကျသိနိုင်မှာပါ။ ဒါနဲ့ပတ်သက်ပြီး YouTube မှာရှာတွေ့ထားတဲ့ နည်းနောက်တစ်မျိုးကို မျှဝေသွားချင်ပါတယ်။ နည်းဆိုတာထက် အသုံးပြုတဲ့ နောက်ထပ် ပစ္စည်းတစ်မျိုးပါ။ ရှာဖွေကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာလည်း ဝယ်ယူရရှိနိုင်တဲ့အတွက် ငရုတ်ကောင်းတွေ၊ ရှိန်းခိုတွေ၊ ပရုတ်လုံးတွေနဲ့မရဘူးဆိုတဲ့သူတွေအတွက်တော့ စမ်းသပ်အသုံးပြုနိုင်မယ်လို့ ယူဆပါတယ်။

အဲဒီပစ္စည်းကတော့ Essential Oil of Peppermint ပါ။ Peppermint ဆိုတာ ပူစီနံနဲ့ဆင်ပေမဲ့ ပူစီနံမဟုတ်။ မြန်မာအဘိဓာန်မှာဆိုရင် ပင်စိမ်း တစ်မျိုးလို့ပဲဆိုထားတာကိုတွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာက ကြွက်တွေဟာ Peppermint ကိုမုန်းကြတယ်။

ဟုတ်ပြီ။ Peppermint Oil ကိုအသုံးပြုပြီး ကြွက်အန္တရာယ်က ဘယ်လိုကာကွယ်ကြမလဲ။

ပထမဆုံး ပုံမှာပြထားတာသလိုမျိုး Peppermint Oil ကိုရှာဖွေဝယ်ယူပါ။

ပြီးရင်တော့ ကြွက်ဝင်လေ့ရှိတတ်တဲ့ ကိုယ့်ကားအင်ဂျင်ခန်းကို ဆေးကြောသန့်စင်ရမှာပါ။ ကျွမ်းကျင်တဲ့ရေဆေးဆိုင်တွေမှာ သွားရောက်ဆေးကြောမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒီလိုဆေးကြောလိုက်မှလည်း ကြွက်ပြန်လည်ဝင်ရောက်တာမျိုးရှိ/မရှိကို သိရှိနိုင်မှာဖြစ်ပါတယ်။

အင်ဂျင်ခန်းဆေးကြောပြီးရင်တော့ Peppermint Oil ကို ရေနဲ့ရောစပ်အသုံးပြုဖို့ပြင်ဆင်ရမှာပါ။

ရေနဲ့ရောစပ်ဖို့ကတော့ ရေ 1-liter ကို Peppermint Oil အစက် 40 နဲ့ရောစပ်ရမှာဖြစ်ပါတယ်။ ရောစပ်ပြီး အရည်ကို spray ဘူးထဲထည့်ပြီး အင်ဂျင်ခန်းတစ်ဝိုက် ကြွက်ခြေရာလက်ရာ ရှိတဲ့နေရာတွေကို အဓိကထားပြီး ဖြန်းပက်ပေးရမှာပါ။ အင်ဂျင်ခန်းအတွင်း နေရာတော်တော်များများမှာ ဖြန်းပက်နိုင်ပေမဲ့ ပုံမှာပြထားတဲ့ mass air flow sensor ကိုတော့ ရှောင်ရှားဖို့လိုပါလိမ့်မယ်။ သူကတော့ ရေငွေ့ရိုက်တာမျိုးဖြစ်လို့မရလို့ပါ။

ဖြစ်နိုင်ရင်တော့ အင်ဂျင်အောက်ပိုင်းနဲ့ ကြွက်လာနိုင်မယ့် လမ်းကြောင်းတွေကိုလည်းဖြန်းပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အင်ဂျင်ခန်းထဲကို ဝင်မယ့်ကြွက်က မဝင်ခင် အဝင်အဝမှာကတည်းက ပြန်လှည့်ထွက်သွားမယ်ဆိုရင် အကောင်းဆုံးမဟုတ်လား။

ကြွက်ဝင်ဘေးမှ ကင်းဝေးနိုင်ကြပါစေ။

Ref: How to Rodent Proof Your Engine - The Easy Way

Author