မြန်မာပြည်ရဲ့ အနာဂတ်မှာ SKD စနစ်ကားတွေ လွှမ်းမိုးလာနိုင်မလား…..?

0

Full article

ပြီးခဲ့တဲ့ တစ်လလောက်က သန်လျင်မြို့ဘက်ကို ရောက်ဖြစ်တယ်။ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ အကောင်းဆုံးလမ်းလို့သတ်မှတ်လို့ရတဲ့ သန်လျင်-သီလဝါလမ်းကို မြင်လိုက်ရတော့ ဒီဆောင်းပါးကို ရေးချင်စိတ်ဖြစ်လာတာပါပဲ။ သန်လျင်-သီလဝါလမ်းမကြီးဟာ ဂျပန်နိုင်ငံရဲ့ ကူညီတည်ဆောက်မှုတွေနဲ့ အကောင်းဆုံးလမ်းအဖြစ် ရောက်ရှိခဲ့တာဆိုတာ အားလုံးသိပြီးဖြစ်ကြပါလိမ့်မယ်။ အမှတ်(၃)သန်လျင်-ရန်ကုန်တံတားကိုလည်း ဆောက်လုပ်နေဆဲပါ။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ်အခုလို လမ်းတွေ၊ တံတားတွေ ဆောက်လုပ်ပေးနေတာဟာ နှစ်နိုင်ငံချစ်ကြည်ရေးထက်ပိုတဲ့ အကြောင်းတရားတွေ ရှိနေဦးမယ်လို့ ယုံကြည်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုဆိုရင် သီလဝါစက်မှုဇုံထဲမှာ ဂျပန်ကုမ္မဏီတော်တော်များများ ရှိနေကြပြီပဲ ဖြစ်ပါတယ်။ ဒီအထဲမှာမှ ဂျပန်နိုင်ငံရဲ့ ကားထုတ်လုပ်ရေး ကုမ္ပဏီတွေလည်း ပါဝင်ခဲ့တယ်။မြန်မာနိုင်ငံမှာ ၂၀၁၀နောက်ပိုင်းမှာ ကားလောကဟာ တဟုန်ထိုးတိုးတက်လာခဲ့တယ်။ အခုနောက်ပိုင်းမှာ SKD စနစ်တွေ၊ CKD စနစ်တွေကလည်း တော်တော်လေးထွန်းကားလာခဲ့တယ်။ သတင်းတွေအရ လာမယ့် ၂၀၂၁ မှာ တိုယိုတာ ကားထုတ်လုပ်ရေးကနေပြီးတော့ သီလဝါစက်မှုဇုံမှာအခြေစိုက်ပြီး SKD စနစ်တွေ၊ CKD စနစ်တွေနဲ့ စတင်လည်ပတ်တော့မှာပါ။

လက်ရှိမြန်မာပြည်မှာ လူကြိုက်အများဆုံး ကားအမှတ်တံဆိပ်ကလည်း တိုယိုတာပဲ ဖြစ်ပါတယ်။ တိုယိုတာ မဝင်ခင် ဂျပန်ရဲ့ နာမည်ကြီး ဆူဇူကီးဟာ SKD စနစ်နဲ့ အရင်ဝင်ရောက်လာခဲ့ပြီး တော်တော်လေး အောင်မြင်တယ်လို့ ဆိုရမယ်။ အခုဆိုရင် မြန်မာပြည်ရဲ့ Brand New ကားဈေးကွက်မှာ ဆူဇူးကီးဟာ ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်နေတယ်လို့တောင်ဆိုလို့ရတယ်။ ဒါတောင် ဆူဇူကီးဟာ မြန်မာပြည်က လူတွေရဲ့ သည်းခြေကြိုက်အမှတ်တံဆိပ်မဟုတ်သေးပါဘူး။ ဒါကြောင့် လူတွေရဲ့ သည်းခြေကြိုက် တိုယိုတာ အမှတ်တံဆိပ်သာ SKD စနစ်နဲ့ ဝင်ရောက်လာရင် ဆူဇူကီးနဲ့ တိုယိုတာတို့ရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုက စိတ်ဝင်စားဖို့ပိုကောင်းလာတာအမှန်ပါပဲ။နောက်တစ်ချက်က ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း ဥရောပဘက်က နာမည်ကြီး ကားအမှတ်တံဆိပ်တွေလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာတာကို တွေ့လာရတယ်။ တရုတ်နိုင်ငံကလည်း  မြန်မာပြည်ကို ကားအမှတ်တံဆိပ်ပေါင်းမြောက်များစွာ တင်သွင်းလာတာကို တွေ့လာရပြန်တယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လာမယ့်နှစ်အနည်းငယ်အတွင်း ကားဈေးကွက်ပြိုင်ဆိုင်မှုက တော်တော်လေးပြင်းထန်လာဦးမယ့် သဘောမှာရှိနေတယ်။

အဲဒီလိုအချိန်မှာ လက်ရှိမြန်မာပြည်မှာ လွှမ်းမိုးနေတဲ့ တိုယိုတာ အမှတ်တံဆိပ်ကတော့ ခြေတစ်လှမ်းဦးနေဆဲပဲလို့ ဆိုရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ SKD စနစ်နဲ့ ထုတ်လုပ်တဲ့ကားတွေဟာ မြန်မာပြည်က လူလတ်တန်းစားတွေအထိပါ စီးနင်းနိုင်တာကြောင့် အခြားပြည်ပကတင်သွင်းတဲ့ Brand New တွေထက်စာရင် ဝယ်လိုအားမြင့်တက်ဖို့ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မေ့ထားလို့မရတာက အခုနောက်ပိုင်း ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အရစ်ကျဝယ်ယူလို့ရလာတာတွေက SKD စနစ်နဲ့ ထုတ်လုပ်တဲ့ ကားတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။ အရစ်ကျအချင်းချင်းယှဉ်မယ်ဆိုရင် SKD စနစ်က အားသာနေဦးမှာမှန်ပေမဲ့ ရွေးချယ်မှုမှာတော့ လူတွေက SKD စနစ်မဟုတ်တဲ့ အခြား နာမည်ကြီး Brand တွေကိုပါ ထည့်တွက်လာပါလိမ့်မယ်။

အခု မြန်မာပြည်မှာ ကမ္ဘာကျော် နာမည်ကြီးအမှတ်တံဆိပ်တော်တော်များများရောက်ရှိနေပါပြီ။ လက်ရှိမြန်မာပြည်ရဲ့ ပြည်နယ်နဲ့တိုင်းတော်တော်များများရဲ့ လမ်းပိုင်းတွေဟာ တော်တော်လေးအဆင့်မြင့်လာကြပါပြီ။ အဲဒီလိုအနေအထားတွေမှာ ကားလောကရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုကလည်း သာတူညီမျှတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာမှာပါ။ဒါကြောင့် အနာဂတ်မြန်မာပြည်ရဲ့ ကားလောကမှာ စုံလင်တဲ့ကားအမှတ်တံဆိပ်တွေရဲ့ အားပြိုင်မှုကို အပြိုင်အဆိုင်တွေ့မြင်ကြရမှာဖြစ်သလို မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေအရဆိုရင်တော့ SKD စနစ်နဲ့ ထုတ်လုပ်တဲ့ကားတွေ ပိုမိုလွှမ်းမိုးနိုင်ဖွယ်ရှိပြီး အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက်တော့ SKD စနစ်ကသာ အားထားဖွယ်ရာဖြစ်နေမယ်ဆိုတဲ့အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။        ။

Author