ကိုရိုနာဗိုင်းရတ် လူနာများကို အသံတိတ် သတ်နေသော ရောဂါ

0

Full article

ယခုဆောင်းပါးသည် Dr. Richard Levitan က The New York Times အတွက်ရေးသားခဲ့ပြီး ထင်မြင်ယူဆချက် ကဏ္ဍ၌ထည့်သွင်းဖေါ်ပြခြင်းခံရသောဆောင်းပါးဖြစ်၏။ Bellevue ဆေးရုံတွင်  Covid pneumonia ကို ၁၀ ရက် ကုသမှုပေးပြီးနောက် သူ၏တွေ့ရှိချက်ကို ရေးသားထားခြင်းလည်းဖြစ်သည်။

ကျနော်ဟာ အရေးပေါ် ဆေးကုသမှုမှာ နှစ်ပေါင်း ၃၀ အတွေ့အကြုံရှိခဲ့သူပါ။ ၁၉၉၄ ခုနှစ်မှာဆိုရင် ကျနော်ဟာ အသက်ရှုအထောက်အကူပြုပြွန်ထည့်သွင်းတဲ့ လုပ်ထုံးလုပ်နည်းမှာ ပြွန်ထိုးသွင်းခြင်းသင်ခန်းစာအတွက် ပုံရိပ်ရယူမှုစနစ်တစ်ခုကို တီထွင်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ ကျနော်ဟာ အဲဒီလုပ်ငန်းစဉ်ခေါ်ဆောင်ရာကို ပါသွားပါတော့တယ်။ နောက်ဆက်တွဲအနေနဲ့ ကျနော်ဟာ ပြီးခဲ့တဲ့နှစ်နှစ်ဆယ်လောက်အတွင်း ကမ္ဘာအနှံ့မှာရှိတဲ့ သမားတော်တွေကို အသက်ရှုလမ်းကြောင်းဆိုင်ရာ လုပ်ငန်းစဉ် သင်ခန်းစာတွေကို သင်ကြားခဲ့ပါတယ်။

အခု မတ်လ အကုန်လောက်မှာတော့၊ နယူးယောက်မြို့ရဲ့ ဆေးရုံတွေမှာ Covid-19 လူနာတွေဟာ ပေါက်ကွဲထွက်လာသလို ပြည့်နှက်လို့လာခဲ့တယ်။ ဒါနဲ့ပဲ ကျနော်ဟာ ကျနော့်ကိုလေ့ကျင့်သင်ကြားပေးခဲ့တဲ့ Bellevue ဆေးရုံမှာ လုပ်အားပေးအနေနဲ့ ဆယ်ရက် သွားရောက်လုပ်ကိုင်ခဲ့တယ်။ အဲဒီရက်တွေအပြီး နားလည်သဘောပေါက်လိုက်မိတာကတော့ ကျနော်တို့ဟာ ဗိုင်းရတ်ကြောင့်ဖြစ်တဲ့ သေလောက်စရာ နမိုးနီးယားအကြောင်းကို ပိုင်ပိုင်နိုင်နိုင် မစူးစမ်းနိုင်ခဲ့ကြသေးဘူး၊ လူနာတွေအသက်ရှင်သန်ဖို့အတွက် ventilators တွေပဲတပ်လိုက်ကြရတော့တယ်ဆိုတာပါပဲ။

New York ကနေ ကျနော်အိမ် New Hampshire ကိုပြန်တဲ့လမ်းဟာ ခပ်ကြာကြာမောင်းနှင်ရတဲ့ခရီးပါ။ အိမ်ပြန်ခရီးမှာ ကားမောင်းနေရင်းနဲ့ ကျနော့်သူငယ်ချင်း Nick Caputo ကို ခေါ်လိုက်တယ်။ သူဟာ Bronx က အရေးပေါ် သမားတော်တစ်ဦးဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အရမ်းကိုအလုပ်များနေတဲ့သူလည်းဖြစ်ပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ စီမံခန့်ခွဲမှုအတွက် သူ့ရဲ့ထိုးထွင်အမြင်ရယ် ထိခိုက်မှုမရှိအောင် ဘယ်လိုနေရမလဲဆိုတာကို ကျနော်သိချင်ခဲ့လို့ပါ။ သူက

“Rich ရေ၊ အဲဒါမျိုးကို ကျနော် ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူးဗျ။”

သူမှန်ပါတယ်။ ကိုရိုနာဗိုင်းရတ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားဟာ မြို့ရဲ့ဆေးရုံစနစ်အပေါ်ကို တော်တော်ကြီးထိခိုက်စေခဲ့ပြီးပါပြီ။ ပုံမှန်အတိုင်းကတော့ အရေးပေါ်ဌာနဆိုတာ ဆိုးဆိုးရွားရွား နှလုံးဖေါက်သူတွေ၊ လေဖြတ်သူတွေ၊ စိတ်ပျက်ပြားသူတွေကနေပြီး အသက်အန္တရာယ်ကို မထိခိုက်စေနိုင်တဲ့ စုတ်ပြတ်ပေါက်ပြဲဒဏ်ရာရသူတွေ၊ အမူးလွန်တာတွေ၊ အရိုးထိခိုက်မှုတွေနဲ့ ခေါင်းတစ်ခြမ်းကိုက်တာမျိုးတွေ စတဲ့လူနာမျိုးစုံရှိနေကျ နေရာပါ။

အခုအချိန်မှာတော့ အရေးပေါ်ဌာနတစ်ခုလုံးနီးပါး Covid နမိုးနီးယားလူနာတွေနဲ့ပြည့်နေပါပြီ။ ကျနော် လုပ်အားပေးလုပ်ငန်းခွင်ဝင်တဲ့ ပထမဆုံး တစ်နာရီအတွင်း လူနာနှစ်ယောက်ကို အသက်ရှုပြွန် သွင်းပေးခဲ့ရတယ်။

အသက်ရှုမှုနဲ့ပတ်သက်ပြီး တိုင်ကြားမှုမရှိသေးတဲ့ လူနာတွေမှာတောင် Covid နမိုးနီးယားကရှိနေတာဖြစ်တယ်။ ပခုံးမှာ ပြတ်ရှဒဏ်ရာနဲ့လာတဲ့လူနာက အဆုတ်တွေပျက်စီးနေတဲ့အတွက်ကျနော်တို့စိုးရိမ်လို့ X-ray ရိုက်ကြည့်ခဲ့ကြတယ်။ နောက် သူ့မှာတကယ်ပဲ Covid နမိုးနီးယားရှိနေခဲ့တယ်။ အမြင့်ကနေပြုတ်ကျပြီး ဒဏ်ရာရလာတဲ့လူနာတွေကို ကျနော်တို့ CT scans ဖတ်ခဲ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီသူတွေမှာ Covid နမိုးနီးယားတွေ့ခဲ့ရတယ်။ အသက်အရွယ်ကြီးရင့်တဲ့ လူနာတွေဟာ အကြောင်းပြချက်မရှိ ကွယ်လွန််သွားကြတယ်။ အဲဒီအထဲမှာ ဆီချိုရောဂါရှိတဲ့ လူတွေလည်းပါဝင်ကြတယ်။

ဒါကတော့ ကျနော်တို့ကို တကယ် အံ့အားသင့်စေတဲ့အရာပါ။ အဲဒီလူနာတွေဟာ အသက်ရှုမှုဆိုင်ရာ ပြဿနာလုံးဝကို မရှိတဲ့သူတွေ။ အဲဒီသူတွေရဲ့ရင်ဘက် X-rays တွေမှာပြနေတဲ့ နမိုးနီးယားက ဖြည်းဖြည်းချင်း ပျံ့နေကြပြီ။ သူတို့ရဲ့အောက်စီဂျင်က ပုံမှန်ထက်နိမ့်နေပြီ။ ဒါက ဘယ်လိုဖြစ်တာပါလိမ့်။

ကျနော်တို့ စပြီးနားလည်သဘောပေါက်လိုက်တာကတော့ Covid နမိုးနီးယားဟာ အစပိုင်းမှာ အောက်စီဂျင် မဝခြင်းပုံစံ ကိုဖြစ်စေတယ်။ ကျနော်တို့ကတော့ “silent hypoxia” (တိတ်တဆိတ် အောက်စီဂျင်လျော့နည်းခြင်း) လို့ခေါ်တယ်။ တိတ်တဆိတ်လို့ ဘာလို့ခေါ်လဲဆိုတော့ အဲဒါဟာ မသိမသာစိမ့်ဝင်ကူးစက်ပျံ့နှံ့ပြီး စစ်ဆေးရှာဖွေဖို့ ခက်ခဲတဲ့ သဘာဝရှိလို့ပါ။

နမိုးနီးယားဟာ အဆုတ်အတွင်းမှာရှိတဲ့ လေအိတ်ငယ်လေးတွေမှာ အရည် သို့မဟုတ် ပြည်တွေနဲ့ ပြည့်သွားစေတဲ့ ကူးစက်ရောဂါပါ။ ပုံမှန်အားဖြင့်တော့ လူနာတွေဟာ ရင်ဘက်နည်းနည်းအောင့်တာ၊ နာတာမျိုးတွေ၊ အသက်ရှုတဲ့အချိန်မှာ နာကျင်တာမျိုးတွေနဲ့ တခြားအသက်ရှုတာနဲ့ဆိုင်တဲ့ ပြဿနာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါပေမဲ့ Covid နမိုးနီးယားရဲ့ ပထမဆုံး တိုက်ခိုက်မှုမှာတော့ လူနာတွေဟာ အသက်ရှုမဝတာမျိုးကို မခံစားကြရသေးပါဘူး။ သူတို့ရဲ့ အောက်စီဂျင် ရေချိန်ကတော့ ကျနေကြပါပြီ။ အဲဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ oxygen level ဟာကြောက်မခန်းလိလိကျလာပြီး နမိုးနီးယားကလည်း အတန်အသင့်ကနေ ဆိုးဆိုးရွားရွားဖြစ်လာပါတော့တယ် (Chest X-rays တွေမှမြင်ရတဲ့အတိုင်း)။ ပင်လယ်ရေမျက်နှာပြင်မှာရှိတဲ့ လူအများစုရဲ့ ပုံမှန် အောက်စီဂျင် အခြေအနေက ၉၄% ကနေ ၁၀၀% အထိရှိတယ်။ Covid နမိုးနီးယားလူနာတွေမှာတော့ အောက်စီဂျင်အနေအထားက ၅၀% ရဲ့အောက်မှာရှိနေကြတာကို ကျနော်တွေ့မိခဲ့တယ်။

အံ့အားသင့်စေတာကတော့ ကျနော်ကြည့်ရတဲ့ လူနာအများစုဟာ တစ်ပတ်လောက်ဖျားမယ်၊ ကိုယ်ပူမယ်၊​ ချောင်းဆိုးမယ်၊ ဗိုက်နာမယ် နောက်ပြီး ပင်ပန်းမှုကိုခံစားကြရတယ်။ ဒါပေမဲ့ အသက်ရှုမဝဖြစ်လာတဲ့အချိန်မှသာလျှင် ဆေးရုံကို လာခဲ့ကြတာပါ။ အဲဒီအချိန်မှာ သူတို့ရဲ့ နမိုးနီးယားဟာ ရှင်းရှင်းလင်းလင်းနဲ့ တော်တော်ကြီးဖြစ်နေကြပါပြီ။ သူတို့ဆေးရုံကိုသွားမှဖြစ်မယ်လို့ ခံစားရချိန်မှာ အများစုရဲ့အခြေအနေဟာ သေရေးရှင်ရေးဖြစ်နေကြပြီ။

အရေးပေါ်ဌာနတွေမှာဆိုရင် ကျနော်တို့ဟာ ရောဂါကြောင့်အခြေအနေဆိုးတဲ့သူတွေကို အကြောင်းပြချက်အမျိုးမျိုးကြောင့် အသက်ရှုပြွန်တွေ သွင်းကြရတယ်။ နှစ်သုံးဆယ်အတွေ့အကြုံအရဆိုရင် အရေးပေါ်အသက်ရှုပြွန်သွင်းဖို့ လိုအပ်တဲ့ လူနာအများစုဟာ ဘယ်လိုပဲဖြစ်ဖြစ် shock ဖြစ်သွားသူတွေ၊ ကွဲပြားတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူတွေ ဒါမှမဟုတ် အသက်ရှုဖို့အတွက်တောင်မှ တအစ်အစ်ဖြစ်တဲ့အထိ ခံစားနေရသူတွေပါ။ လူနာတွေဟာ အသက်ရှုပြွန်တွေသွင်းဖို့ဘာဖြစ်လို့လိုအပ်သလဲဆိုရင် အထူးစိုးရိမ်ဖွယ်ရာ အောက်စီဂျင်ကျဆင်းမှုကြောင့် သတိမေ့သွားတာမျိုး ဒါမှမဟုတ် အသက်ရှုဖို့အတွက် တစ်ကိုယ်လုံးရှိသမျှကြွက်သားတွေကို အသုံးပြုရတဲ့အခြေအနေမျိုး ဖြစ်နေလို့ပါပဲ။ ဆိုးဆိုးရွားရွားကို ခြိမ်းခြောက်ခံနေရတဲ့အခြေအနေလို့လည်း ပြောလို့ရတယ်။​ Covid နမိုးနီးယားမှာတော့ အဲဒါနဲ့ တော်တော်ကြီးကွဲပြားလို့နေတာပါ။

ကျနော်တွေ့ဖူးတဲ့ Covid နမိုးနီးယားလူနာရဲ့ အကြီးဆုံးအဓိကအချက်တစ်ခုကတော့ သူတို့ရဲ့ အောက်စီဂျင်ကျဆင်းမှုအခြေအနေက ထင်ထင်ရှားရှားရှိလှပြီး အသက်ရှင်ဖို့အတွက် အရေးတကြီးဦးစားပေးကုသရမယ့်အခြေအနေဖြစ်နေပါတယ်။ သူတို့ရဲ့ (အပြင်ပိုင်း) ပုံစံကတော့ အဲဒီိလိုဖြစ်မနေဘူး။ သူတို့ကို monitors တင်တဲ့အခါမှာ သူတို့က ဖုန်းတောင်မှ သုံးနေကြသေးတာပါ။ အသက်မြန်မြန်ရှုနေရတာတောင်မှ သူတို့ဟာ ဆက်စပ်ပြီး နာကျင်ခံစားရတာ နည်းနည်းပဲဖြစ်နေတဲ့ပုံမျိုး။ ဒါတောင် သူတို့ဟာ အောက်စီဂျင် level အရမ်းနိမ့်နေပြီး chest X-rays တွေမှာဆိုရင် နမိုးနီးယားက တော်တော်ဆိုးနေတာပါ။

ဒီလိုဘာလို့ဖြစ်သလဲဆိုတာနားလည်ဖို့အတွက်ကတော့ ကျနော်တို့ဟာ လုံးဝ ‘အစ’ မှာပဲရှိနေပါသေးတယ်။ ကိုရိုနာဗိုင်းရတ်ဟာ အဆုတ် မျက်နှာပြင် တင်းအားစန့်အားကိုလျော့ချပေးတဲ့ ပျော်ဝင်ရည်တွေလိုမျိုးဝတ္ထုပစ္စည်းတွေကိုထုတ်ပေးတဲ့ ဆဲလ်တွေကို တိုက်ခိုက်တာပါ။ အဲဒီဝတ္ထုပစ္စည်းဟာ အသက်ရှုသွင်းချိန်ကစပြီး အမြင့်ဆုံးဖြစ်သွားချိန်အထိ ပုံမှန် အဆုတ်ရဲ့လုပ်ငန်းလုပ်ဆောင်ရာမှာ အဆုတ်ရဲ့ လေအိတ်လေးတွေပွင့်နေစေဖို့ အကူအညီပေးပါတယ်။ Covid နမိုးနီးယားကြောင့် အဆုတ် စရောင်လာတဲ့အခါမှာတော့ လေအိတ်ငယ်လေးတွေ ပျက်စီးပါတော့တယ်။ ပြီးတော့ အောက်စီဂျင် level ကျတော့တာပါပဲ။ စစချင်းတော့ အဆုတ်ဟာ အနာတရမဖြစ်သေးသလို မာတောင့်သွားတာမျိုး ဒါမှမဟုတ် အရည်တွေနဲ့ ပြည့်လျှံသွားတာမျိုးလည်းမဖြစ်သေးပါဘူး။ ဆိုလိုတာက လူနာတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်နိုင်ဆဲပါပဲ။ နောက်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် အများအပြားထွက်မလာတဲ့အတွက် လူနာတွေဟာ အသက်ရှုကျပ်တာမျိုး မခံစားရပါဘူး။

လူနာတွေဟာ သွေးထဲက အောက်စီဂျင်ဓါတ်လျော့နည်းသွားတာကို ထေမိစေဖို့အတွက် အသက်ကို မြန်မြန်နဲ့ ပြင်းပြင်းရှုကြရတယ်။ ဒါဟာ သူတို့သတိမထားမိဘဲနဲ့ လုပ်မိတာမျိုးပါ။ ဒီ တိတ်တဆိတ် အောက်စီဂျင်လျော့နည်းမှုနဲ့ အဲဒီအပေါ် လူနာတွေရဲ့ ဇီဝကမ္မတုံ့ပြန်မှုဟာ အဆုတ်ကို ပိုမိုရောင်ရမ်းစေပြီး လေအိတ်ငယ်တွေကို ပိုမိုပျက်စီးစေပါတယ်။ အောက်စီဂျင် level ထိုးစိုက်ဆင်းသွားတာနဲ့အမျှ နမိုးနီးယားကလည်း ပိုဆိုးလာတော့တာပါပဲ။ သက်ရောက်မှုအနေနဲ့လူနာတွေဟာ အသက်ကို ပိုပြီး ပြင်းပြင်း ပြင်းပြင်းရှုခြင်းအားဖြင့် သူတို့ရဲ့အဆုတ်ကို အနာတရ ဖြစ်စေပါတော့တယ်။ ၂၀% နှုန်းရှိတဲ့ Covid လူနာတွေဟာ ဒီလိုပုံစံမျိုးကနေစပြီး ဒုတိယနဲ့ သေစေနိုင်တဲ့ အဆုတ်အနာတရဖြစ်မှုအဆင့်ကို ရောက်သွားပါတော့တယ်။ အရည်တွေများများလာပြီး အဆုတ်ဟာ မာကျောတောင့်တင်းသွားတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ မြင့်တက်လာတယ်။ လူနာဟာ ပြင်းထန်ဆိုးရွားတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပျက်စီးမှုကို ခံစားရပါတော့တယ်။

လူနာတွေရဲ့ အသက်ရှုပြဿနာဟာ သိသာထင်ရှားလာလို့ ဆေးရုံကိုရောက်ရှိလာချိန်မှာတော့ အောက်စီဂျင် level ဟာ အန္တရာယ်ရှိစွာကျင်းဆင်းနေပြီး အများစုဟာ ventilator လုံးဝကိုလိုအပ်နေတဲ့အနေအထားဖြစ်နေပါပြီ။

တိတ်တဆိတ် အောက်စီဂျင်လျော့နည်းမှု မြန်မြန်ဆန်ဆန်ကျဆင်းခြင်းကနေပြီး အသက်ရှုလမ်းကြောင်းပြတ်တောက်မှုအထိဟာ Covid-19 လူနာတွေကို အသက်ရှုမကျပ်ခင်မှာဘဲ ရုတ်တရက်သေဆုံးသွားတဲ့ cases တွေအတွက်ဖြေရှင်းချက်ထုတ်နိုင်ပါတယ်။ (Covid-19 လူနာအများစုမှာ ဆက်စပ်တဲ့ရောဂါလက္ခဏာအပျော့စားတွေသာခံစားရပြီး တစ်ပတ်၊ နှစ်ပတ်ဖျားကာ ကုသမှုမခံယူရပဲ​ပြန်ကောင်းသွားကြပါတယ်။)

ကျနော်တို့ရဲ့ ကျန်းမာရေးစနစ်ကို အားစိုက်ထုတ်ရစေတဲ့ ဒီ pandemic ရဲ့အဓိကအကြောင်းတရားကတော့ ကြောက်မက်ဖွယ်ရာ ပြင်းထန်တဲ့ အဆုတ်အနာတရဖြစ်နေတဲ့ လူနာတွေ အရေးပေါ်ဌာနကို ရောက်ရှိလာချိန်မှာပါ။ Covid-19 ဟာ အဆုတ်ကနေပြီး လူသတ်တာဖြစ်ပါတယ်။ နမိုးနီးယားတော်တော်ကြီးဖြစ်နေပေမဲ့ ဆေးရုံမသွားတဲ့ လူနာတွေအများကြီးရှိနေပြီး နောက်ဆုံးမှာတော့ ventilators တွေပေါ်မှာပဲ အဆုံးသတ်ရတာပါပဲ။ ဒါဟာ အသက်ရှုစက်ရှားပါးမှုကို ဖြစ်စေပါတယ်။ နောက် ventilators ပေါ်တစ်ကြိမ်တင်ပြီး များစွာသေဆုံးကြရပါတယ်။

Ventilator အသုံးပြုတာကနေပြီး ရှောင်ရှားခြင်းဟာ လူနာအတွက်ရော ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက်ပါ တော်တော်ကြီးတဲ့ အားသာချက်ကို ရရှိစေတာပါ။ Ventilator ပေါ်ရောက်နေတဲ့ လူနာတွေအတွက် ရင်းမြစ်လိုအပ်ချက်ဟာ မယုံနိုင်လောက်အောင်ပါပဲ။ အသက်ရှုကိရိယာတပ်ဆင်ထားတဲ့လူနာတွေဟာ အသက်ရှုပြွန်တွေကို ခါချလိုက်တာမျိုးတွေ မတော်တဆဖြုတ်မိသွားတာမျိုးတွေ မဖြစ်စေဖို့အတွက် စိတ်ငြိမ်ဆေးမျိုးစုံလိုအပ်ပါတယ်။ အကြောနဲ့ သွေးကြောကို ဖေါက်ထားတဲ့လိုင်းတွေ၊ IV ဆေးတွေ နဲ့ IV pumps တွေလည်းလိုအပ်ပါတယ်။ လေပြွန်အတွက် ပြွန်တွေသာမက အစာအိမ်အတွက်၊​ ဆီးအိတ်အတွက် ပိုက်တွေပြွန်တွေလည်းလိုအပ်ပါသေးတယ်။ အဲဒီလူနာတစ်ဦးချင်းစီကို တစ်နေ့ကိုနှစ်ကြိမ် မှောက်ဖို့၊ လှန်ဖို့အတွက် လူသားရင်းမြစ် အဖွဲ့တွေလည်း လိုအပ်ပါတယ်။

Covid နမိုးနီးယားရှိနေသူတွေကို မြန်မြန်ဆန်ဆန်ဖေါ်ထုတ်ပြီး ပိုပြီးထိထိရောက်ရောက်ကုသနိုင်ဖို့အတွက် နည်းလမ်းတစ်ခုတော့ရှိပါတယ်။ အဲဒီနည်းလမ်းကတော့ ဆေးရုံဆေးခန်းတွေသွားပြီး ကိုရိုနာဗိုင်းရတ်စမ်းသပ်တာကို ထိုင်စောင့်နေဖို့မလိုပါဘူး။ သာမန်ဆေးပညာကိရိယာကိုအသုံးပြုပြီး တိတ်တဆိတ် အောက်စီဂျင်လျော့နည်းနေခြင်း ရှိ/မရှိကို စစ်ဆေးဖို့ပါပဲ။ အဲဒီကိရိယာက ဆရာဝန်ထောက်ခံချက်မလိုအပ်ဘဲ ဆေးဆိုင်အများစုမှာ ဝယ်ယူရရှိနိုင်တာမျိုးပါ။ Pulse oximeter ဖြစ်ပါတယ်။

သွေးခုန်နှုန်းကတစ်ဆင့် သွေးကြောထဲက oxygenated hemoglobin အချိုးကိုတိုင်းတာပေးတဲ့ကိရိယာ (pulse oximeters) တွေဟာ ကျနော်သိတဲ့ အရေးပေါ်သမားတော်နှစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ဖို့အတွက် အကူအညီပေးနိုင်ခဲ့တယ်။ ကုသဖို့လိုပြီဆိုတာကို စောစောစီးစီးအချက်ပြနိုင်ခဲ့လို့ပါ။ သူတို့ရဲ့ oxygen level ကျဆင်းနေမှုကို သတိပြုမိတဲ့အခါမှာ နှစ်ဦးစလုံးဟာ ဆေးရုံတက်ရောက်ကုသပြီး ပြန်လည်သက်သာခဲ့ကြပါတယ် (နှစ်ယောက်ထဲမှာ တစ်ယောက်က ဆေးရုံမတက်သေးဘဲ အချိန်ပိုကြာအောင်နေခဲ့တဲ့အတွက် ကုသမှုပိုမိုလုပ်ဆောင်ခဲ့ရတယ်)။ အောက်စီဂျင်လျော့နည်းခြင်းကို စစ်ဆေးသိရှိခြင်း၊ စောလျင်စွာကုသခြင်းနဲ့ အနီးကပ်စောင့်ကြည့်ခြင်းဟာ  ဗြိတိသျှဝန်ကြီးချုပ် Boris Johnson အတွက် ကောင်းစွာအလုပ်ဖြစ်ခဲ့တာကိုတွေ့ကြရမှာပါ။

Covid နမိုးနီးယားအတွက် pulse oximeter နဲ့စစ်ဆေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့အတွက် လူတွေဟာ သူတို့အိမ်မှာ သူတို့ဘာသာ စစ်ဆေးနိုင်တယ်။ ဒါမှမဟုတ် ဆေးခန်းတွေ၊​ ဆရာဝန်တွေ ဆီမှာလည်း စစ်ဆေးနိုင်တယ်။ ဒါဟာ Covid နမိုးနီးယားနဲ့ ဆက်နွယ်တဲ့ အသက်ရှုမှုဆိုင်ရာ ပြဿနာအမျိုးအစားတွေအတွက် စောလျင်စွာ အချက်ပေးနိုင်တဲ့စနစ်အဖြစ် အထောက်အပံ့ပြုနိုင်ပါတယ်။

Pulse oximeters တွေကို နေအိမ်တွေမှာအသုံးပြုနေကြတဲ့ လူတွေဟာ သူတို့ရဲ့ဆရာဝန်တွေနဲ့ တိုင်ပင်ခြင်းအားဖြင့် ကိရိယာရဲ့ပြသမှုကို အဓိပ္ပါကောက်လွဲတာမျိုးတွေမရှိတော့ဘဲ အရေးပေါ်ဌာနကိုမလိုအပ်ဘဲလာမယ့် လူအရေအတွက်ကို လျှော့ချနိုင်ပါတယ်။ ဒီနေရာမှာ Covid-19 နဲ့မသက်ဆိုင်ပေမဲ့လည်း ကိုယ့်ဟာကိုယ်သတိမထားမိတဲ့ နာတာရှည်အဆုတ်ရောဂါကြောင့် အောက်စီဂျင် အနည်းငယ်ကျဆင်းတာမျိုး ရှိနေနိုင်ပါတယ်။

ကိုရိုနာဗိုင်းရတ်စမ်းသပ်စစ်ဆေးရာမှာ ရှိတယ်လို့ အဖြေထွက်သူအားလုံးဟာ သွေးခုန်နှုန်းကတစ်ဆင့် အောက်စီဂျင်တိုင်းတာမှုကို Covid နမိုးနီးယား ကြီးထွားလာတတ်သော ထုံးစံအချိန်ဖြစ်တဲ့ ရက်သတ္တ နှစ်ပတ်အကြာ စောင့်ကြည့်သင့်ပါတယ်။ ချောင်းဆိုးသူ၊ ပင်ပန်းနွမ်းနယ်သူ နဲ့ ဖျားနာသူအားလုံးကိုလည်း ကိုရိုနာဗိုင်းရတ်ကူးစက်ခံထားရခြင်းရှိ/မရှိ စစ်ဆေးမှုမလုပ်ထားတောင် pulse oximeter နဲ့စောင့်ကြည့်တာမျိုးတွေပြုလုပ်သင့်ပါတယ်။ တကယ်လို့ သူတို့ရဲ့ swab test (သွေး/သလိပ် မှတစ်ဆင့် စမ်းသပ်စစ်ဆေးမှု) က ရောဂါပိုးမရှိဘူးလို့ပြသရင်တောင်မှ pusle oximeter နဲ့ စောင့်ကြည့်သင့်တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ swab test လိုမျိုးဟာ ၇၀% လောက်ပဲ တိကျသေချာမှုရှိပါတယ်။ ဗိုင်းရတ်နဲ့ ထိတွေ့နေရတာ များပြားလှတဲ့ အမေရိကန်တွေဟာ ဒါကိုမသိကြပါဘူး။

Ventilator မှာ  မတတ်သာဘဲ အသက်ရှုပြွန် ချက်ချင်းလက်ငင်း ထိုးသွင်းခြင်းကနေ ရှောင်ရှားနိုင်ဖို့ ကျနော်တို့လုပ်နိုင်တာ နောက်တစ်ခုရှိပါသေးတယ်။ လူနာတွေရဲ့ အနေအထားကို ကစားပေးခြင်း (ပက်လက်လှဲလိုက်၊ မှောက်ခုံလှဲလိုက်) ဟာ Covid နမိုးနီးယားခံစားနေရသူတို့ရဲ့အဆုတ်အောက်ပိုင်းနဲ့ ကျောဘက်ပိုင်းကို ပွင့်စေပါတယ်။ အောက်စီဂျင်ပေးခြင်းနဲ့ လဲလျှောင်းမှု အနေအထားဟာ လူနာတွေကို အသက်ရှုလွယ်ကူစေဖို့ အကူအညီပေးနိုင်ပြီး cases တော်တော်များများမှာ ရောဂါဆက်လက်ဆိုးရွားစေတာမျိုးကနေလည်း တားဆီးနိုင်တယ်လို့ ထင်ရလောက်စရာပါပဲ။ Dr. Caputo ရဲ့အကြိုလေ့လာမှုအရဆိုရင် ဒီနည်းဗျူဟာဟာ Covid နမိုးနီးယားပြန့်ပွားလာတဲ့လူနာ လေးယောက်မှာ သုံးယောက်ကို ပထမ ၂၄ နာရီအတွင်း ventilator လိုအပ်မှုမရှိသေးအောင် အကူအညီပေးနိုင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအခြေအနေအရ (Dr. Richard Levitan ဒီစာကိုရေးနေချိန်) Covid-19 ဟာ အမေရိကနိုင်ငံအနှံ့လူပေါင်း လေးသောင်းကျော်နဲ့ နယူးယောက်ပြည်နယ်သက်သက်တင် တစ်သောင်းကျော်လောက်ကို သေစေခဲ့ပြီးပါပြီ။ Oximeters တွေဟာ တစ်ရာ ရာခိုင်နှုန်းအပြည့်တော့ မတိကျပါဘူး။ နောက်တစ်ခုက အဲဒါတွေဟာ ကုထုံးလည်းမဟုတ်ပါဘူး။ သေဆုံးမှုတွေနဲ့ ရလဒ်ဆိုးတွေကိုလည်း မတားဆီးနိုင်ပါဘူး။ ကိုရိုနာဗိုင်းရတ်ဟာ တချို့လူနာတွေကို ဘာဖြစ်လို့ အရမ်းကြီးနေမကောင်းဖြစ်စေတာလဲ ဒါမှမဟုတ် တချို့လူနာတွေရဲ့ အတွင်းအင်္ဂါပေါင်းစုံကို ဘာလို့ထိခိုက်မှုဖြစ်စေတာလဲဆိုတဲ့အပေါ်မှာ ကျနော်တို့ အပြည့်အဝ နားမလည်သေးပါဘူး။ အသက်ရွယ်ကြီးရင့်တဲ့ လူကြီးအများအပြား၊ နာတာရှည်ရောဂါခံစားရပြီး အားနည်းသူတွေနဲ့ ငုတ်နေတဲ့ အဆုတ်ရောဂါရှိသူတွေဟာ Covid နမိုးနီးယားကြောင့် သေဆုံးဖို့ အလားအလာတော်တော်လေးများပါတယ်။ ဒါမှမဟုတ်လည်း ပြင်းပြင်းထန်ထန်ကုသရမယ်ဆိုတာတော့ အမှန်ပါပဲ။

ဒါပေမဲ့ ကျနော်တို့ ပိုကောင်းအောင်လုပ်နိုင်ပါတယ်။ အခုအချိန်မှာဆိုရင် အရေးပေါ်ခန်းတွေအများအပြားဟာ ဒီရောဂါတစ်ခုတည်းနဲ့ကို တော်တော်ကြီးခံနေရပြီး ထိခိုက်ခံရဖို့ စောင့်ဆိုင်းနေရသလိုဖြစ်နေပါတယ်။ ကျနော်တို့အနေနဲ့  “silent hypoxia” (တိတ်တဆိတ် အောက်စီဂျင်လျော့နည်းခြင်း) စစ်ဆေးခြင်းအားဖြင့် Covid နမိုးနီးယားကိုအစောပိုင်းအခြေအနေမှာပဲ ရှာဖွေဖေါ်ထုတ်ကုသပေးဖို့ လုပ်ကိုလုပ်ဆောင်ရတော့မှာပါ။

အခုအချိန်ဟာ ဗိုင်းရတ်နောက်ကိုလိုက်မယ့်အစား ခြေတစ်လှမ်းဦးအောင်လုပ်ဆောင်ရမယ့်အချိန်ပဲ ဖြစ်ပါတော့တယ်။

Ref: The Infection That’s Silently Killing Coronavirus Patients by Richard Levitan

Author