မိတ်ဆွေတို့ကားတွေ အိမ်မှာအကြာကြီးရပ်ထားတော့မယ်ဆိုရင်

0

Full article

ကိုဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးကာလက အခုဆို တစ်လကျော်ခဲ့ပါပြီ။ နောက်ထပ် ဘယ်နှစ်လ လောက်ထပ်ကြာရှည်မယ်ဆိုတာ ဘယ်သူမှမပြောနိုင်၊ မခန့်မှန်းနိုင်သေးပါဘူး။ တချို့လည်း ကိစ္စ အမျိုးမျိုးကြောင့်အပြင်ထွက်ရသလို၊ တချို့လည်း အိမ်မှာပဲ Stay at Home နေကြတုန်းပါပဲ။

ကိုဗစ်ကာလအတွင်း မိတ်ဆွေတို့ကားတွေ အိမ်မှာအချိန်အကြာကြီးရပ်ထားတော့မယ်ဆိုရင် ဘာတွေ လိုအပ်သလို၊ ဘာလေးတွေ လုပ်ထားရင်ဖြင့် ကားတွေအတွက်ပိုကောင်းသလဲဆိုတဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ဖော်ပြပေးပါ့မယ်။

ကားရပ်မယ့်နေရာ သေချာရွေးပါ


ဒါကတော့ အထွေအထူးတော့ ပြောစရာမရှိပါ။ ဒါပေမဲ့ ခဏရပ်တာနဲ့ ကာလကြာရှည်ရပ်တာတော့ မတူညီတဲ့အတွက် ကားရပ်မယ့်နေရာ၊ Parking ထိုးထားမယ့်နေရာကိုသေချာလေးရွေးချယ်ပါ။ အပေါ်ကနေ သစ်ပင်တွေ၊ ပြုတ်ကျနိုင်မယ့် ပစ္စည်းတွေ ၊ သစ်ကိုင်းကျိုးကျတာမျိုးတွေ မဖြစ်နိုင်မယ့် နေရာသေချာရွေးဖို့လိုပါတယ်။ နောက်တစ်ချက်၊ ကားပါကင်ထိုးလို့ လေဒဏ်မိုးဒဏ်အကာကွယ် ရနိုင်မယ့် နေရာမဟုတ်ရင် ကားခြင်ထောင်လို ကားနေပူဒဏ် မိုးလေဒဏ်ခံနိုင်မယ့် ဟာမျိုးသုံးပြီး ကာကွယ်သင့်ပါတယ်။ ဒါထက် အက်ဆစ်ဓာတ်(အချဉ်ဓာတ်) ရှိတဲ့ အပင်တွေအောက် မရပ်သင့်ပါဘူး။ ဥပမာ - မကျည်းပင်လိုအပင်မျိုး။ ကားဆေးသားတွေကို ပျက်စီးတတ်ပါတယ်။

ကားကိုဆီအပြည့်နီးပါးဖြည့်ထားပါ


ကားဘယ်မှမသွားဘူးဆိုရင် ဆီဖြည့်စရာမလိုဘူးထင်နိုင်ပါတယ်။ ဒါပေမဲ့ ကားကိုအချိန်အကြာကြီး ရပ်ထားတော့မယ်ဆိုရင် ဆီအပြည့်ဖြည့်ထားတာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုရင် ဆီအပြည့် ဖြည့်ထားခြင်းအားဖြင့် ဆီတိုင်ကီအတွင်းပိုင်းမှာ သံကြေးတက်တာတွေ၊ ဆီပန့်ကြေးတက် ပျက်စီးမှုတွေကို ကာကွယ်ပြီးသားဖြစ်သွားလို့ပါ။ ဒါကြောင့် အချိန်အကြာကြီးရပ်ထားတော့မယ်ဆိုရင် ဆီအပြည့်ဖြည့်ထားပါ။


တာယာအောက်မှာ ဂျမ်းတုံးခုပါ

ကားအကြာကြီးရပ်ထားတော့မယ်ဆိုရင် Parking (P) မှာပဲ ဂီယာထိုးပြီးအချိန်အကြာကြီးထားလို့ အဆင်မပြေပါဘူး။ ဒါဆို Hand Brake လို့ခေါ်တဲ့ Parking Brake ဆွဲထားရင်ရနိုင်မလား ဆိုတော့ ခဏတဖြုတ်ရပ်တာမျိုးအတွက် Parking Brake က အဆင်ပြေပါတယ်။ ဒီလိုမဟုတ်ဘဲ လနဲ့ချီရပ်ထားမယ်ဆိုရင်တော့ Parking Brake ကိုဖြုတ်ထား (မဆွဲထားဘဲ) တာအကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ အချိန်အကြာကြီးရပ်ထားတဲ့အချိန် Parking Brake ဆွဲထားရင် ဘရိတ်ရှုးခြမ်းတွေနဲ့ Brake Drum တွေသံကြေးတက်တတ်လို့ပါပဲ။ ဒါကြောင့် အချိန်အကြာကြီးရပ်မယ်ဆို ဂျမ်းတုံးခုတာ အဆင်ပြေဆုံးပါ။

Engine Oil နဲ့ Engine Oil Filter တွေလဲထားပါ


ကားကိုအချိန်အကြာကြီးရပ်ထားတော့မယ်ဆိုရင် အင်ဂျင်ဝိုင်နဲ့ အင်ဂျင်ဝိုင်ဖစ်တာတွေကို အသစ် လဲလှယ် ထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ အင်ဂျင်ဝိုင်အဟောင်းတွေက အနယ်ကြေးကျ တာတွေဖြစ်နိုင်ပြီး ကားပြန်သုံးလို့ အင်ဂျင်ပြန်လည်လည်ပတ်တဲ့အခါ အင်ဂျင်ဝိုင်ကြေးတွေက အင်ဂျင်အတွင်းပိုင်းပစ္စည်းတွေမှာ ကပ်ညှိနေရင်အင်ဂျင်အတွက်မကောင်းပါဘူး။ အင်ဂျင်ဝိုင်အသစ်၊ Filter အသစ်လဲလှယ်ထားရင်ဖြင့် အနယ်ကြေးကျတာတွေ သက်သာနိုင်ပြီး အင်ဂျင်အတွက် အကောင်းဆုံးပါပဲ။

ကားအတွင်းအပြင် သန့်ရှင်းရေးလုပ်ပေးပါ


ကားလည်းမမောင်းဘဲ အတွင်းအပြင်သန့်ရှင်းရေးလုပ်ပါဆို တမျိုးမြင်နိုင်ပါတယ်။ ဘာကြောင့် အတွင်းပြင် သန့်ရှင်းရေး လုပ်သင့်သလဲဆိုရင်တော့ - ဥပမာ - ကားအပြင်ဘော်ဒီပေါ်မှာ ဌက်ချေးလိုဟာမျိုး ပေကျံနေတယ်၊ မသန့်ရှင်းဘဲ အချိန်အကြာကြီးရပ်ထားတယ်ဆိုရင် ကားဆေးသားတွေ ပွန်းစားပျက်စီးနိုင်ပါတယ်။ အတွင်းပိုင်းသန့်ရှင်းရေးမလုပ်ဘဲ ရပ်ထားမယ်ဆိုရင်လဲ အတွင်းပိုင်းမှာရှိတဲ့ ဖုန်တွေ၊ ကြေးတွေ၊ အညစ်အကြေးတွေက မှိုနံ့နံတာ၊ အချဉ်ပေါက်တဲ့အနံ့ထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေးလုပ်သင့်ပါတယ်။

တာယာလေပေါင်ချိန်ထားပါ


တာယာလေပေါင်မှန်အောင် လေအပြည့်ထိုးပြီးမှ ရပ်ထားသင့်ပါတယ်။အချိန်အကြာကြီးရပ်ထားတဲ့အခါ တာယာလေပေါင်ချိန်မမှန်၊ လေမရှိဘဲ ရပ်ထားလျှင် ကားတာယာနဲ့ ဂွေတွေကိုပျက်စီးတတ်ပါတယ်။ ဒါကြောင့် ကားမရပ်ခင် တာယာလေပေါင်မှန်အောင် ထိုးထားသင့်ပါတယ်။

ကားကို မကြာခဏ သွားထိန်းသိမ်းပေးပါ

ကားကို အချိန်အကြာကြီးရပ်ထားတော့မယ်၊ ကိုယ်ကလည်း အဝေးကိုသွားတာမဟုတ်ဘဲ ကားအနီးအနားမှာရှိနေမယ်ဆိုရင် ဒါလေးတွေလုပ်ပေးပါ။

  • ကားကို ၂ ရက် တစ်ကြိမ်၊ ၃ ရက် တစ်ကြိမ်လောက် စက်နှိုးပေးပါ။ အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်နှိုးထားပေးပါ။ ကားဘက်ထရီမပျက်စီးစေဖို့ဖြစ်ပါတယ်။
  • ကားကို ရှေ့တိုးနောက်ဆုတ်လုပ်ပေးပါ။ တာယာတွေကို တစ်နေရာတည်းမှာ အမြဲတန်းဝန်ပိမနေစေဖို့ ဘက်လှည့်ပေးတာဖြစ်ပါတယ်။
  • ကား Parking Brake (ဟန်းဘရိတ်) ကို ဆွဲလိုက်၊ လွှတ်လိုက်လုပ်ပေးပါ။ ကားခြေနင်း ဘရိတ်ကိုလည်း နင်းလိုက်၊ လွှတ်လိုက်လုပ်ပေးပါ။ ကားဘရိတ်တွေနဲ့ ဘရိတ်ဆုံတွေ၊ Disc တွေ Drum တွေ သံကြေးမတက်စေဖို့ဖြစ်ပါတယ်။
  • ကားဘောနက်ကိုဖွင့်ပြီး စစ်ဆေးကြည့်ရှုပေးဖို့လိုအပ်ပါတယ်။ ကြွက်တွေအသိုက်လုပ်ပြီး ဝါယာကြိုးတွေ ကိုက်ဖျက်ဆီးတတ်လို့ပါ။

ဒီအချက်လေးတွေကို လိုက်နာထိမ်းသိမ်းပေးမယ်ဆိုရင်တော့ ကားကိုအချိန်ကြာကြီးရပ်ထားပြီး ပြန်လည်အသုံးပြုတဲ့အခါ ပြုပြင်ထိန်းသိမ်းရမှုတွေ၊ အဆင်မပြေမှုတွေ၊ စက်နှိုးမရတာတွေ ကင်းဝေးနိုင်ပါတယ်လို့ အကြံပြုတင်ပြလိုက်ရပါတယ်။

Author