မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးယာဉ်လိုင်းများအား တိုင်းဒေသကြီးအတွင်းပြေးဆွဲသောယာဉ်လိုင်းများကို ပြန်လည်ပြေးဆွဲခွင့်ပြု

0

Full article

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးယာဉ်လိုင်းများအား မေလ ၁၇ ရက်နေ့မှ စတင်ကာ တိုင်းဒေသကြီးအတွင်းပြေးဆွဲသောယာဉ်လိုင်းများကို ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

လတ်တလောဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါကြောင့် ပြေးဆွဲခွင့်ယာယီရပ်နားထားသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးယာဉ်လိုင်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေပြီး ၂၀၂၀ ပြည့်နှစ် မေလ ၁၇ ရက်နေ့မှစတင်ကာ တိုင်းဒေသကြီးအတွင်းပြေးဆွဲသော ယာဉ်လိုင်းများကို ပြန်လည်ပြေးဆွဲရန်ခွင့်ပြုခဲ့ကြောင်းသိရသည်။ ထိုသို့ပြန်လည်ပြေးဆွဲခွင့်ပြုရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌သာ ပြေးဆွဲရမည်ဖြစ်ပြီး အရှေ့ဘက်တွင် ပြင်ဦးလွင်အထိ၊ တောင်ဖက်တွင် ရမည်းသင်း၊ ပုဂံညောင်ဦးအထိ၊ မြောက်ဖက်တွင် တကောင်းအထိ ပြေးဆွဲခွင့်ရမည်ဖြစ်ကြောင်းသိရသည်။ ပြေးဆွဲရာတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် စီးနင်းသူ ခရီးသည်များအနေဖြင့် မဖြစ်မနေ Mask တပ်ဆင်ရန်၊ လက်ဆေးရန်၊ ယာဉ်ကို ဆေးဖျန်းရန် စသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ပြီး ခရီးသည်တင်ဆောင်ရာတွင်လည်း သတ်မှတ်ချက်များအတွင်း ခရီးသည်ဦးရေ ထက်ဝက်သာတင်ဆောင်ရန်စသည့် သတ်မှတ်ချက်များအတိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


လတ်တလောတွင် မန္တလေးမြို့ရှိ ကားကွင်းများကို ဆေးဖျန်းဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးပြင်ပသို့ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများကိုမူ ပြေးဆွဲခွင့်မပြုသေးကြောင်းသိရသည်။

Author