စီးနင်းသူနည်းပါးနေသည့် မြဝတီမြို့မှ အဝေးပြေးယာဉ်လိုင်းအချို့ ပိတ်ရန်စီစဉ်နေကြောင်း

0

Full article

မြန်မာထိုင်းနယ်စပ် မြဝတီမြို့တွင် အဝေးပြေးယာဉ်လိုင်းများပြေးဆွဲခြင်းကို ပြန်လည်ခွင့်ပြုခဲ့သော်လည်း စီးနင်းသူနည်းပါးနေသည့်အတွက် ယာဉ်လိုင်းအချို့ပိတ်ရန်စီစဉ်နေကြောင်း မြဝတီမြို့ရှိ အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် အဝေးပြေးယာဉ်လိုင်းများပြေးဆွဲခြင်းကို ရပ်နားထားခဲ့ပြီး ၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ပြေးဆွဲရန် ခွင့်ပြုခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင်လည်း အဝေးပြေးယာဉ်လိုင်းများပြေးဆွဲခြင်းကို ပြန်လည်ခွင့်ပြုခဲ့သော်လည်း စီးနင်းသူခရီးသည်ဦးရေမှ နည်းပါးခြင်း၊ မရှိသလောက်ဖြစ်နေခြင်းများကြောင့် မြဝတီမြို့ရှိ အဝေးပြေးယာဉ်လိုင်းအချို့မှာ ပိတ်ရန်စီစဉ်နေကြောင်းသိရသည်။ ယာဉ်လိုင်းများပြန်လည်ပြေးဆွဲခြင်းကို ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သော်လည်း စီးနင်းသူအရေအတွက်မှာ ယာဉ်တစ်စီးလျှင် ၇ ယောက်/ ၈ ယောက်မှ ၁၀ ယောက်ဝန်းကျင်သာရှိကြောင်း သိရသည်။ လတ်တလောတွင် ခရီးသည်တစ်ဦးလျှင် ၂ ခုံစာ လက်မှတ်ဖြတ်ရမည်ဖြစ်ပြီး လက်မှတ်ခမှာ နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း တပ်စေခြင်း၊ လက်ဆေးရန် စီစဉ်ပေးခြင်းများကိုလည်းဆောင်ရွက်ပေးထားကြောင်းသိရသည်။


မြဝတီမြို့တွင် မြဝတီအခြေစိုက် ယာဉ်လိုင်း ၁၆ လိုင်း၊ ပြည်နယ်အခြေစိုက် ယာဉ်လိုင်း ၂၇ လိုင်း၊ အခြားတိုင်းဒေသကြီးအခြေစိုက်ယာဉ်လိုင်း ၃၆ လိုင်း၊ စုစုပေါင်း ၇၉ လိုင်းရှိနေကြောင်းသိရသည်။

Author