ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုခြင်း သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးလျှောက်ထားခြင်းနှင့် လုပ်ငန်းလိုင်စင်ဆောင်ရွက်ခြင်းများကို မေလကုန်ကာလအထိ ရပ်နားထား

0

Full article

ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုခြင်း သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးလျှောက်ထားခြင်းနှင့် လုပ်ငန်းလိုင်စင်ဆောင်ရွက်ခြင်းများကို မေလကုန်ကာလအထိ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး (မြင်သာ) ထံမှသိရသည်။

လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းများကို ပြီးခဲ့သည့် မတ်လ (၃၀) ရက်နေ့ကတည်းက ရပ်နားထားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကနဦးမှတ်ပုံတင်ဌာန၏ လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် မေလ (၁၁) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုသို့ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်အသစ်ဖြေဆိုခြင်း၊ သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးလျှောက်ထားခြင်းနှင့် လုပ်ငန်းလိုင်စင်ဆောင်ရွက်ခြင်းများကို မေလကုန် ကာလအထိ ဆောင်ရွက်နိုင်ပေးဦးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှသိရသည်။ COVID -19 ဖြစ်ပွားနေစဉ်ကာလအတွင်း ကညန ရုံးများ ယာယီပိတ်ထားသဖြင့် သက်တမ်းတိုးခွင့်မရသော ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်၊ ယာဉ်နှင့်ပတ်သက်သော လိုင်စင်များ သက်တမ်းကျော်လွန်၊ ကုန်ဆုံးနေသော်လည်း ဆက်လက်အသုံးပြုနိုင်ပြီး  ကညန ရုံးများ၏ လုပ်ငန်းများအားလုံး ပြန်လည်ဆောင်ရွက်ချိန်တွင် ထိုသို့ သက်တမ်းကျော်လွန်ကုန်ဆုံးခဲ့သည့်အတွက် ဒဏ်ကြေးတစ်စုံတစ်ရာ ပေးဆောင်ရမည်မဟုတ်ကြောင်း သိရသည်။


လတ်တလောတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထောက်ကြံ့/ ရွာသာကြီး ယာဉ်မှတ်ပုံတင်ဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် နေပြည်တော်/ မန္တလေး ကနဦး ယာဉ်မှတ်ပုံတင်ဌာနတို့၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် မေလ ၁၁ ရက်နေ့မှ ပြန်လည်စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

Author