YBS ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းသည့် ခရီးသည်အရေအတွက် ပြန်လည်မြင့်တက်လာ

0

Full article

YBS ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းသည့် ခရီးသည်အရေအတွက် ပြန်လည်မြင့်တက်လာပြီး တစ်ရက်လျှင်စီးနင်းသူအရေအတွက် ၅ သိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ထုတ်ပြန်ချက်များအရ သိရသည်။

COVID -19 ကာလအတွင်း YBS ယာဉ်လိုင်းများတွင် ခရီးသည်လိုက်ပါစီးနင်းမှုမှာ အဆမတန် လျော့နည်းကျဆင်းခဲ့ပြီး ယာဉ်လိုင်းကုမ္ပဏီများမှာလည်း အရှုံးပေါ်ခဲ့သည်။ ယခင်က တစ်ရက်လျှင် ခရီးသည်ဦးရေ ၁.၈ သန်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးနေခဲ့ရသော YBS ယာဉ်လိုင်းများသည် မြန်မာနှစ်ကူး ပိတ်ရက်ရှည်ကာလအလွန်ဖြစ်သည့် ဧပြီလ တတိယပတ်တွင် တစ်ရက်လျှင် ခရီးသည်ဦးရေ ၁ သိန်းကျော်သာရှိခဲ့ပြီးနောက် နေ့စဉ် လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေမှာ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာပြီး မေလ တတိယပတ်တွင် တစ်ရက်လျှင် ခရီးသည်ဦးရေမှာ ၅ သိန်းနီးပါးခန့်အထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း YRTA ၏ ထုတ်ပြန်ချက်များအရသိရသည်။ ၂၀၂၀ ပြည့်နှစ် မေလ၂၁ ရက်နေ့တွင် ခရီးသည်ဦးရေ ၄၆၂,၉၄၀ ဦး၊ ၂၂ ရက်နေ့တွင် ၄၈၉,၂၈၃ ဦး၊ ၂၃ ရက်နေ့တွင် ၄၄၂,၂၆၀ ဦး၊ ၂၄ ရက်နေ့တွင် ၃၇၃,၃၆၁ ဦး၊ ၂၅ ရက်နေ့တွင် ၅၁၁,၄၅၇ ဦးတို့အသီးသီးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။


YRTA သည် ယခင်က နေ့စဉ်ယာဉ်စီးရေ ၄,၃၀၀ ခန့်၊ ပြေးဆွဲလမ်းကြောင်းပေါင်း ၁၀၀ ကျော်ဖြင့် ခရီးသည် ၁.၈ သန်းခန့်ကိုနေ့စဉ်ပို့ဆောင်ပေးခဲ့ပြီး ယခုအခါ နေ့စဉ် ယာဉ်စီးရေ ၃,၀၀၀ ဝန်းကျင်၊ ပြေးဆွဲလမ်းကြောင်းပေါင်း ၁၂၀ လမ်းကြောင့်ဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

Author